ငွေ ၁ သိန်းထုတ်လျှင် ဝန်ဆောင်ခ ၁ သောင်းကျော်အထိ ပေးနေရ၍ ရခိုင်ပြည်သူများ အခက်ကြုံနေ
- Horizons News

- Jul 10
- 1 min read
ရခိုင် ၊ ဇူလိုင် ၁၀ ၊ Horizons

စစ်ဘေး၊ ရေဘေးနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို တစ်ပြိုင်နက်တည်း ခံစားနေရသည့် ရခိုင်ပြည်သူများမှာ ဘဏ်စနစ်ထိန်းချုပ်ခံရမှုနှင့် ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှုများကြောင့် ငွေထုတ်ယူခ ၁ သိန်းလျှင် ၁ သောင်းကျပ်ကျော်အထိ စံချိန်တင် အဆမတန် ပေးဆောင်နေရကြောင်း သိရပါတယ်။
ရခိုင်ဒေသအတွင်း စစ်ကောင်စီ၏ တင်းကျပ်သည့် ဖြတ်တောက်မှုများကြောင့် KBZ Pay နှင့် Special Account များအပါအဝင် အဓိက အွန်လိုင်းဘဏ်အကောင့်အချို့ ဆက်တိုက် ပိတ်သိမ်းခံခဲ့ရပါတယ်။
ထိုသို့ ပိတ်သိမ်းခံရမှုကြောင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံများမှာ ငွေကြေးအမြောက်အမြား ဆုံးရှုံးခဲ့ရပြီး ဒေသတွင်း၌ ငွေသားရှားပါးမှုပြဿနာကိုပါ ဆိုးရွားစွာ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ထို့အပြင် လတ်တလော ကြုံတွေ့နေရသည့် အဆိုးရွားဆုံး ရေကြီးမှုဘေးကြောင့် မြို့နယ် ၈ ခုတွင် ပြည်သူသောင်းနှင့်ချီ ဒုက္ခရောက်နေကြပြီး ရေဘေးကြောင့် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပါ ပြတ်တောက်သွားခြင်းက အွန်လိုင်းငွေလွှဲခ နှုန်းထားများကို ယခင်ကထက် ပိုမိုမြင့်တက်သွားစေခဲ့ပါတယ်။
ရမ်းဗြဲမြို့နယ် ကျေးရွာတစ်ခုမှ ဒေသခံအမျိုးသမီးတစ်ဦးကလည်း အဝေးရောက်သားသမီးများ ပို့ပေးသည့် ငွေကို မြို့ပေါ်တက် မထုတ်နိုင်ဘဲ ရွာတွင်းရှိဆိုင်များနှင့်သာ အခက်အခဲများစွာကြားမှ ချိတ်ဆက်ထုတ်ယူနေရကြောင်း ပြောပြပါတယ်။၎င်းတို့ဒေသတွင် ယခင်ကတည်းက ငွေကျပ် ၁ သိန်းထုတ်လျှင် ဝန်ဆောင်ခ ၈,၀၀၀ ကျပ်အထိ ပေးဆောင်နေရပြီး ယခုအခါ လိုင်းများဖြတ်တောက်ခံရမှုကြောင့် ငွေထုတ်ခများ ပိုမိုမြင့်တက်လာကာ မိသားစုစားဝတ်နေရေးအတွက် ပိုမိုအကျပ်ရိုက်လာရကြောင်း ဆိုပါတယ်။
လက်ရှိတွင် ရခိုင်ပြည်သူအများစုမှာ လယ်ယာမြေများ ရေနစ်မြုပ်ပျက်စီးခြင်းနှင့် စစ်ဘေးရှောင်နေရခြင်းတို့ကြောင့် ကိုယ်ပိုင်ဝင်ငွေရှာရန် အခက်အခဲဖြစ်နေပြီး ပြည်ပနှင့် အခြားဒေသရှိ မိသားစုဝင်များ၏ ထောက်ပံ့ငွေကိုသာ အဓိက မှီခိုနေရတာ ဖြစ်ပါတယ်။
ရေဘေးသင့် ပြည်သူများအတွက် အဝေးရောက် ဆွေမျိုးသားချင်းများက အရေးပေါ် ကယ်ဆယ်ရေးနှင့် စားနပ်ရိက္ခာဝယ်ယူရန် ငွေကြေးလွှဲပြောင်းပေးလိုသော်လည်း အကောင့်ပိတ်ဆို့မှုများနှင့် လိုင်းပြတ်တောက်မှုများကြောင့် ငွေလွှဲရန် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများပါ ကြန့်ကြာနေရကြောင်း သိရှိရပါတယ်။
photo crd



Comments