စစ်ကောင်စီကို အသိအမှတ်မပြုရန် ဝါရှင်တန်ဒီစီရှိ လာအိုနှင့် တရုတ်သံရုံးတို့ရှေ့တွင် မြန်မာ့အရေးလှုပ်ရှားသူများ ဆန္ဒပြ
- Horizons News

- Jul 10
- 1 min read
ဝါရှင်တန်ဒီစီ ၊ ဇူလိုင် ၁၀ ၊ Horizons

မြန်မာစစ်အာဏာရှင်ကို တရားဝင်အသိအမှတ်ပြု ဆက်ဆံရန် ကြိုးပမ်းနေမှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုသည့်အနေဖြင့် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်ရှိ လာအိုသံရုံးနှင့် တရုတ်သံအမတ်ကြီး၏ နေအိမ်ရှေ့တို့တွင် မြန်မာ့အရေးဆောင်ရွက်နေသူများက သွားရောက် ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့ကြပါတယ်။
ဒေသစံတော်ချိန် ဇူလိုင်လ ၉ ရက်နေ့က ဝါရှင်တန်ဒီစီအခြေစိုက် လာအိုသံရုံး၊ တရုတ်သံအမတ်နေအိမ်နှင့် မြန်မာသံရုံးတို့တွင် မြန်မာ့အရေးလှုပ်ရှားသူများ စုပေါင်းကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး အဆိုပါ လာအိုသံရုံးမှာ မြန်မာစစ်သံရုံး၏ ဘေးဘက်တွင်တည်ရှိကာ တရုတ်သံအမတ်ကြီး၏ နေအိမ်မှာမူ မြန်မာသံရုံးနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိပါတယ်။
ယခုဆန္ဒပြပွဲကို ၁၉၆၂ ခုနှစ်က ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အအုံကို အာဏာရှင် ဦးနေဝင်းက အကြမ်းဖက်ဖြိုခွဲပြီး ဆန္ဒပြကျောင်းသားများကို သတ်ဖြတ်ခဲ့သည့် "ဆဲဗင်းဂျူလိုင်" အထိမ်းအမှတ် အခမ်းအနားနှင့်အတူ တိုက်ဆိုင်စွာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
ဆန္ဒပြပွဲတွင် ပါဝင်သူ ဒေါက်တာထွန်းဝေက အာဏာရှင်တွေအနေဖြင့် ကျောင်းသားသမဂ္ဂကိုသာ ဖျက်ဆီး၍ရနိုင်ပြီး ကျောင်းသားတွေ၏ စိတ်ဓာတ်ကို လုံးဝဖျက်ဆီး၍ မရကြောင်း၊ ၆၂ ခုနှစ်ကတည်းက လက်ဆင့်ကမ်းလာသည့် လူငယ်များ၏ စိတ်ဓာတ်မှာ ယနေ့ နွေဦးတော်လှန်ရေးအထိ ပါဝင်လာကြောင်း ပြောကြားခဲ့ပါတယ်။
ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်တွင် မတရားကုပ်သွေးစုပ်နေပြီး စစ်ကောင်စီကို စီးပွားရေးနှင့် စစ်ရေးအရ ကူညီနေမှုများကို ရပ်တန့်ရန်နှင့် လာအိုနိုင်ငံအနေဖြင့်လည်း စစ်ကောင်စီဥက္ကဋ္ဌကို ၎င်းတို့နိုင်ငံသို့ ဖိတ်ကြားဆက်ဆံနေမှုများအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့ပါတယ်။
အလားတူ ဆန္ဒပြပွဲတွင် ပါဝင်သူ မမြတ်ယဉ်ချောကလည်း လူရာမသွင်းသင့်သည့် စစ်ကောင်စီကို လူရာသွင်းဆက်ဆံနေပါက ၎င်းတို့၏ ရပ်တည်ချက်များပါ အဆမတန် နိမ့်ကျဆုံးရှုံးသွားမည်ဖြစ်ကြောင်း လာအိုနှင့် တရုတ်အစိုးရတို့ကို သတိပေး ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းတွင် အိန္ဒိယဝန်ကြီးချုပ်၊ ဇွန်လလယ်တွင် တရုတ်သမ္မတတို့နှင့် တွေ့ဆုံခဲ့ပြီး ယခု ဇူလိုင်လဆန်းတွင် လာအိုနိုင်ငံသို့ သွားရောက်ခဲ့ခြင်း ဖြစ်ပါတယ်။
ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့ကလည်း ဝါရှင်တန်ဒီစီရှိ အိန္ဒိယသံရုံးရှေ့တွင် မြန်မာ့အရေးလှုပ်ရှားသူများက အိန္ဒိယဝန်ကြီးချုပ်၏ လုပ်ရပ်အပေါ် သွားရောက်ဆန္ဒပြ ကန့်ကွက်ခဲ့ကြပြီး မြန်မာပြည်သူများဘက်က ရပ်တည်ပေးရန် နိုင်ငံတကာကို ဆက်တိုက် တိုက်တွန်းနှိုးဆော်လျက်ရှိကြောင်း သိရှိရပါတယ်။













Comments