top of page
Logo-Icon.png

စစ်ကိုင်းမြို့နယ်ရှိ လဝကရုံးနှင့် စစ်ကောင်စီယာဉ်တန်းကို လင်းယုန်ညီနောင်တပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်း ၊ ဇူလိုင် ၁၀ ၊ Horizons



စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)ရုံးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် မော်တော်ယာဉ်တန်းတို့ကို လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) က မိုင်းဆွဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။



ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ခန့်က မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ စစ်ကိုင်းမြို့ရှိ တပ်မ (၃၃) သို့ မောင်းနှင်လာသော စစ်ကောင်စီယာဉ်တန်းကို စစ်ကိုင်းမြို့နယ် ကံတလူးတိုးဂိတ်နှင့် ကုန်းရွာကျေးရွာအကြား မန်ကျည်းပင်ကွေ့အနီးတွင် ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။


ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လာရောက်ခေါ်ဆောင်သည့် အိမ်စီးကား နှစ်စီးအနက် အမည်းရောင်ကားမှာ လုံးဝပျက်စီးသွားပြီး အဖြူရောင်ကားမှာ ထိခိုက်ပျက်စီးခဲ့ကာ ယာဉ်ပေါ်ပါ စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရပါတယ်။


ယင်းနောက် ဇွန်လ ၂၆ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ အဓိကထောက်တိုင်တစ်ခုဖြစ်သည့် စစ်ကိုင်းမြို့နယ် လဝကရုံးကို ပါဆယ်မိုင်းဖြင့် ဒုတိယအကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။

အဆိုပါ လဝကရုံးသည် စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးထားသည့် အသက်မပြည့်သေးသော ပြည်သူများကို အသက်အရွယ်လိမ်လည်၍ မှတ်ပုံတင်ပြုလုပ်ပေးကာ စစ်ထဲသွင်းရန် လုပ်ဆောင်ပေးနေသည့် ရုံးဖြစ်ကြောင်း သိရပါတယ်။


ထိုသို့ ဖောက်ခွဲမှုကြောင့် စစ်ကောင်စီ၏ ယန္တရားလည်ပတ်ရန် ကူညီနေသည့် လဝကရုံးဝန်ထမ်း အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။


လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) အနေဖြင့် ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသည့် မည်သည့်စစ်ကောင်စီဌာနဆိုင်ရာရုံးများကိုမဆို အချိန် နေရာမရွေး ဆက်လက် လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေး သတိပေးထားပါတယ်။

Comments


bottom of page