top of page
Logo-Icon.png

"နယ်စပ်ဒေသကျန်းမာရေးစနစ်တည်ဆောက်မယ်" - ဒေါက်တာစင်သီယာမောင်


ဒေါက်တာစင်သီယာမောင်


တစ်နှစ်ကိုပျှမ်းမျှ ထိုင်းဘတ်ငွေ သန်း ၁၀၀ ကျော်အသုံးပြုရတဲ့ မယ်တော်ဆေးခန်းရဲ့ ကုန်ကျစရိတ် အတွက် အမေရိကန်ရဲ့ ရန်ပုံငွေဟာ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။


အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကို ဇူလိုင် ၁ ရက်မှာ တရားဝင်ဖျက်သိမ်း လိုက်ပြီဖြစ်လို့ မယ်တော်ဆေးခန်းသာမက ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေအတွက် ရိုက်ခတ်မှုကြီးမားပါတယ်။


ထိုင်း - မြန်မာနယ်စပ်မှာ နှစ်ပေါင်း ၃၆ နှစ်ကြာအောင်ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ကျောင်းသားဆေးခန်းလို့လူသိများတဲ့ မယ်တော်ဆေးခန်းအနေနဲ့ ဒီအခက်အခဲတွေကျော်လွှားဖို့ အတွက် ဘာတွေဆောင်ရွက်နေလဲဆိုတာသိရှိနိုင်ဖို့အတွက် တည်ထောင်သူ ဒေါက်တာစင်သီယာမောင်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။


မယ်တော်ဆေးခန်းဆိုတာဘာလဲ



၂၀၂၁ ခုနှစ်တုန်းက မယ်တော်ဆေးခန်းမြင်ကွင်း


ဘီဘီစီ - ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်း - မြန်မာနယ်စပ်မှာရှိတဲ့ မယ်တော်ဆေးခန်းကို ဘယ်သူတွေအားထားနေရလဲ။ ၈ လေးလုံးအရေးအခင်းနောက်ပိုင်း ၁၉၈၉ ခုနှစ်စတည်ထောင်ချိန်က ကျန်းမာရေးစောင့်ရှောက်မှုပေးရတာနဲ့ အခုချိန်မှာဘယ်သူတွေအများဆုံးအားထားနေရလဲဆိုတာ အရင်ဆုံး သိချင်ပါတယ်။


ဒေါက်တာစင်သီယာမောင် - ၈၈ အရေးအခင်းတုန်းကတော့ နယ်စပ် ဒေသကရောက်ရှိလာတဲ့စစ်ဘေးရှောင် တွေရော နိုင်ငံရေးအကျပ်အတည်းကြောင့်နယ်စပ်ကိုရွှေ့ပြောင်းလာတဲ့လူထုတွေရော စီးပွားရေးအခက်အခဲ ကြောင့်ထိုင်းနိုင်ငံမှာလာပြီး အလုပ်လုပ်တဲ့လူတွေအတွက် ၈၉ ခုနှစ်မှာ အခြေခံကျန်းမာရေးစောင့်ရှောက်မှု တွေကို စလုပ်ခဲ့တယ်။ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်တွေလိုအပ်တဲ့လူသားအရင်းအမြစ်ဆိုင်ရာ အထူးသဖြင့်သားဖွားသူနာပြုတွေ၊ ဆေးမှူးတွေကိုလေ့ကျင့်သင်ကြားပေးတာတွေကို နယ်စပ်ရောက်လာတဲ့ ဆရာဝန်ဆရာမတွေနဲ့ တိုင်းရင်းသားဒေသတွေမှာရှိထားတဲ့ ကျန်းမာရေးအဖွဲ့အစည်းခေါင်းဆောင်တွေ ပူးပေါင်းဆောင်ရွက်ပါတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့တွေက ကျန်းမာရေးစောင့်ရှောက်မှုသာမက ပိုပြီးပြည့်စုံတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို လက်လှမ်းမီအောင်ကလေးအခွင့်အရေးပိုင်းဆိုင်ရာ ဖြစ်စေ၊ သင်တန်းပိုင်းဆိုင်ရာဖြစ်စေ ပိုပြီးတော့အားကောင်းလာအောင်ဆက်ဆောင်ရွက်နေပါတယ်။


ဘီဘီစီ - မြန်မာဒုက္ခသည်တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် သိပ်အားထားရတဲ့ဆေးခန်းလည်း ဖြစ်တော့ အမေရိကန်ရဲ့ရန်ပုံငွေဖြတ်တောက်တာက ဘယ်လောက်အထိသက်ရောက်မှုကြီးလဲ။ ဆေးခန်း တစ်နှစ်တာဘတ်ဂျက်မှာလည်း အမေရိကန်ရဲ့ရန်ပုံငွေက အရေးကြီးတဲ့အစိတ်အပိုင်းမှာရှိနေတော့ ဖြတ်တောက်မှုက ဘယ်လောက်သက်ရောက်နေပါသလဲ။


ဒေါက်တာစင်သီယာမောင် - ကျွန်မဆေးခန်းတခုအနေနဲ့ပဲပြောတာမဟုတ်ဘဲ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ ပြည်တွင်းဒုက္ခသည်တွေ ရွှေ့ပြောင်းပြည်သူလူထုတွေ ထိုင်းကျန်းမာရေးစနစ်ကိုအားကိုးနေရတဲ့ မြန်မာပြည်သားတွေအတွက် ရန်ပုံငွေပြတ်တောက်မှုက အနည်းနဲ့အများပဲကွာခြားမှာပေါ့။ အနည်းဆုံးတော့ ရန်ပုံငွေတွေရဲ့ ၃၀ ရာခိုင်နှုန်းလောက်က လျှော့ကျသွားပါတယ်။ အဲဒီအပေါ်မှာဝန်ဆောင်မှုပေးရတဲ့ အခြေအနေတွေကိုပြန်လည်ပြီးကြည့်ရာမှာ ကျွန်မတို့ကအရေးပေါ်အခြေအနေကိုဦးစားပေးပြီး၊ တချို့ သင်တန်းပိုင်းဆိုင်ရာတွေ အချင်းချင်းတွေ့ဆုံညှိနှိုင်းတာမျိုးတွေမှာတော့ လုံခြုံရေးအရရော ရန်ပုံငွေအရပါ ပိုပြီးတော့အကန့်အသတ်တွေရှိလာပါတယ်။ ဝန်ဆောင်မှုတွေကိုတော့ မလျှော့ချပါဘူး၊ ရှိထားပြီးသား ဝန်ဆောင်မှုတွေကိုထိန်းသိမ်းထားတာဖြစ်သလို အရေးပေါ်အခြေအနေတွေကိုလည်း ကြိုးစားဆောင်ရွက်ရပါတယ်။


တချို့အဖွဲ့အစည်းတွေမှာတော့ ရန်ပုံငွေလျှော့ချတာကြောင့် ဆက်လက်ပြီးသင်တန်းမလုပ်နိုင်တာ အပြင် ဝန်ထမ်းတချို့လျှော့ချတာ၊ ဝန်ထမ်းခံစားခွင့်လျှော့ရသလို တဖက်ကလည်း ရန်ပုံငွေရနိုင်ဖို့အတွက် ပူးပေါင်းပြီး နိုင်ငံတကာအဖွဲ့အစည်းတွေ ထိုင်းအစိုးရအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ရမယ့်လုပ်ငန်းစဉ် တွေကိုချမှတ်ပြီးတော့ ကျစ်ကျစ်လစ်လစ်ခိုင်ခိုင်မာမာနဲ့ ရှေ့ဆက်ပြီးတော့ နယ်စပ်ဒေသရဲ့ ကျန်းမာရေး စနစ်တခုကို တည်ဆောက်နိုင်ဖို့အတွက်ကြိုးစားအားထုတ်နေကြပါတယ်။

Comments


bottom of page