ရခိုင်နှင့် ချင်းတွင် မိုးကြီးမြေပြိုမှုများကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်၊ မြောက်ဦးတွင် ရွာပေါင်း ၂၆ ရွာနှင့် ရပ်ကွက် ၁၁ ခု ရေအောက်ရောက်နေ
- Horizons News

- Jul 10
- 1 min read
ရခိုင်/ချင်း ၊ ဇူလိုင် ၁၀ ၊ Horizons

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် အခြားပြည်နယ်များတွင် မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုမှုသဘာဝဘေးဒဏ်များကို ပြင်းထန်စွာ ခံစားနေရပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် လေးမြို့မြစ်ရေ မြင့်တက်လာမှုနှင့်အတူ တောင်ကျရေများပါ စီးဆင်းလာသောကြောင့် လက်ရှိတွင် ကျေးရွာပေါင်း ၂၆ ရွာနှင့် မြို့ပေါ်ရပ်ကွက် ၁၁ ခုထက်မနည်း ရေနစ်မြုပ်နေကြောင်း ဒေသခံများနှင့် အာရက္ခတပ်တော် (ULA/AA) ထံမှ သိရပါတယ်။
မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အလယ်ဈေး၊ ဝသဲ၊ ဝမ်းတီး၊ ဆင်ချဆိပ်၊ ငခြောက်ဈေး၊ ပြင်ဈေး၊ အောင်တပ်၊ မြို့သစ်၊ မဟီဂျီ၊ အောင်မင်္ဂလာနှင့် ဗန္ဓုလရပ်ကွက်တို့တွင် ရေအမြင့် ၃ ပေမှ ၄ ပေအထိ ဝင်ရောက်နေပါတယ်။
ထို့ပြင် ကျောက်ဆည်ပြင်၊ ကျီရာပြင်၊ တိန်ညို၊ ဝေသာလီ၊ ပေါင်းတုတ်၊ မြောင်းဘွေနှင့် ကင်းဆိပ်ရွာ အပါအဝင် ကျေးရွာ ၂၆ ရွာတွင် ရေအမြင့် ၅ ပေခန့်အထိ မြင့်တက်နေပါတယ်။
လက်ရှိတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခတပ်တော် (ULA/AA) ၏ ကူညီကယ်ဆယ်ရေးအဖွဲ့များက ရေဘေးသင့်ပြည်သူများကို အရေးပေါ် ရွှေ့ပြောင်းကူညီပေးနေပါတယ်။
ချင်းပြည်နယ်အတွင်း၌လည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လမ်းပန်းဆက်သွယ်ရေး အဓိကလမ်းမကြီးများ ပြိုကျပျက်စီးနေပြီး ဇိုတုန်ဒေသ ဂန့်ဂေါ-အိုက်ကာလမ်း မိုင်တိုင် ၄၆ ရှိ တောင်ပြိုကြီးနေရာတွင် မြေထပ်မံပြိုကျမှုကြောင့် လမ်းလုံးဝပိတ်ဆို့နေကာ ဖယ်ရှားရန် ခက်ခဲနေကြောင်း ဇိုတုန်ဖက်ဒရယ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဟားခါးနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ဆက်သွယ်ထားသည့် ကားလမ်းများ ပျက်စီးသွားသဖြင့် နယ်စပ်ကုန်စည်ကူးသန်းရောင်းဝယ်ရေး ရပ်ဆိုင်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရပါတယ်။
မိုးဇလဌာန၏ ထုတ်ပြန်ချက်အရ တိုင်းနှင့် ပြည်နယ် ၁၁ ခုတွင် နှစ်ပတ်နီးပါးအထိ မိုးသည်းထန်စွာရွာသွန်းပြီး နေရာကွက်၍ မိုးကြီးနိုင်ကာ ကမ်းရိုးတန်းတွင် လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေအထိ ရှိလာနိုင်ကြောင်း သိရပါတယ်။
ပြည်သူများအနေဖြင့် အရေးပေါ် သဘာဝဘေးအန္တရာယ်ကြောင့် သောက်ရေ၊ ရိက္ခာ၊ ဆေးဝါးနှင့် Power Bank များ အဆင်သင့်စုဆောင်းထားရန်၊ အရေးကြီးစာရွက်စာတမ်းများကို ရေလွတ်ရာတွင် သိမ်းဆည်းရန်နှင့် ကယ်ဆယ်ရေးအဖွဲ့များ၏ ညွှန်ကြားချက်များကို အချိန်မဆိုင်းဘဲ လိုက်နာရန် တိုက်တွန်းထားပါတယ်။
ထို့အပြင် ရေစီးသန်သော လမ်းများနှင့် မြစ်ချောင်းများကို ဖြတ်မကူးရန်၊ အိမ်ထဲသို့ မဝင်မီ ဝါယာကြိုးများနှင့် အဆောက်အအုံ ခိုင်ခံ့မှုကို စစ်ဆေးရန်နှင့် လျှပ်တပြက်ရေကြီးခြင်း၊ တောင်ပြို မြေပြိုခြင်း အန္တရာယ်များကို အထူးသတိပြု နေထိုင်ကြရန်လည်း နှိုးဆော်ထားပါတယ်။













Comments