top of page
Logo-Icon.png

သံတိုင်များကို ကျော်လွန်ပြီးနောက် အကျယ်ချုပ်ကမ္ဘာဆီသို့


စစ်တပ်၏ အဓမ္မအာဏာသိမ်းမှုကို လက်မခံကြောင်း ပြသလိုက်သဖြင့် သံတိုင်များနောက် ရောက်သွား ရသူများသည် ပြန်လွတ်လာသော်လည်း နောက်ထပ် ကမ္ဘာတစ်ခုတွင် ဆက်လက် ရုန်းကန်ရန် ပြင်ဆင်ရ ပြန်သည်။


သံတံခါးကြီး ပိတ်သွားချိန်တွင် ဘဝတစ်ခုလုံး ရပ်တန့်သွားခဲ့ရသော်လည်း၊ ထိုသံတံခါးကြီး ပြန်ပွင့်လာချိန်တွင်မူ ပြင်ပကမ္ဘာကြီးသည် အစစအရာရာပြောင်းလဲနေခဲ့ပြီဖြစ်သည်။ 


နှစ်ရှည်လများထောင်ဒဏ်ကျခံပြီးနောက် ပြန်လည်လွတ်မြောက်လာကြသူများအတွက် ထောင်ပြင်ပဘဝသည် ပန်းခင်းသောလမ်းမဟုတ်ခဲ့ပါ။  ပြင်ပလူမှုဝန်းကျင်၏ စိမ်းကားမှု၊ စီးပွားရေးအကျပ်အတည်း၊ အမြဲခြောက်လှန့်နေသော လုံခြုံရေးအန္တရာယ်နှင့် စိတ်ဒဏ်ရာများကို ကြံ့ကြံ့ခံရင်း ဘဝအသစ် ပြန်စကြရသည်။ 


မန္တလေးတိုင်း၊ မြင်းခြံထောင်တွင် ငါးနှစ်ကျော်မျှ နေထိုင်ခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာသည့် ကိုထူးအောင်(အမည်လွှဲ)သည် ဇာတိမြေသို့ပြန်လည်အခြေချနေထိုင်နေရသည်မှာ တစ်နှစ်ကျော်ရှိပြီ ဖြစ်သော်လည်း စီးပွားရေး၊ လူမှုရေးအကျပ်အတည်းများကြားတွင် ဘဝသည် အခြေမကျသေးပေ။ 


စစ်အာဏာမသိမ်းမီ အတိတ်ကာလကမူ သင့်တင့်သည့်ဝင်ငွေ၊ အတည်တကျရှိသောအလုပ်အကိုင်ဖြင့် မိသားစုကို ပူပန်မှုမရှိစေရန် တာဝန်ကျေပွန်စွာလုပ်ကျွေးနိုင်ခဲ့သည့် အိမ်ထောင်ဦးစီးတစ်ဦး ဖြစ်ခဲ့ဖူးသည်။  ယခုမူ ထိုအခြေအနေတို့က အတိတ်ကာလတွင်ကျန်ရစ်ခဲ့ပြီဟု ကိုထူးအောင်က ပြောသည်။ 

“ကျွန်တော်တို့က နိုင်ငံရေးနောက်ခံကြောင့် အလုပ်ရှင်တွေက အလုပ်ခန့်ဖို့ဆိုတာထက် စကားပြောဖို့တောင် တော်တော်ဝန်လေးတာမျိုးတွေ တွေ့ရတယ်။  ဒါ့ကြောင့်အလုပ်ရှာတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် အကျဉ်းသားဟောင်းလို့တောင် အသိခံလို့မဖြစ်ဘူး”ဟု ကိုထူးအောင်က ဆိုသည်။ 


ထောင်ကလွတ်သည့် တစ်နှစ်ကျော်အချိန်အတွင်းပင် စီးပွားရေးအကျပ်အတည်းနှင့် လုံခြုံရေးအခြေ အနေများကြောင့် အလုပ်ရှစ်ခုထက်မနည်း ပြောင်းရွှေ့လုပ်ကိုင်ခဲ့ရသည်။  လုပ်ငန်းခွင်တချို့တွင် အလုပ်ရှင်က သဘောကောင်းသော်လည်း စစ်ဆေးရေးနှင့်စစ်တပ်လက်နက်ကိုင်အဖွဲ့အစည်းများ ဝင်ထွက်သွားလာမှုရှိနေပါက ကိုယ်တိုင်စိတ်မလုံခြုံခြင်းကြောင့် အလုပ်မှ နုတ်ထွက်ခဲ့ရသည့် ဖြစ်ရပ်များလည်းရှိသည်ဟု ၎င်းက ပြောပြသည်။ 


ထောင်မှလွတ်လာသော်လည်း စိတ်ဒဏ်ရာနှင့်စိတ်ပိုင်းဆိုင်ရာအခြေအနေများအရ ထောင်ထဲက မလွတ်မြောက်နိုင်သေးဟု ခံစားနေရကြောင်း ဆက်ပြောပြသည်။ကဗျာဆရာမိတ်ဆွေတစ်ဦးက သူ ထောင်ကျနေစဉ်အတွင်း “အစ်ကိုရေ… အကျဉ်းနဲ့အကျယ်ပဲ ကွာတာပါ။  ကျွန်တော်တို့က အတူတူပါပဲ”ဟု စကားပါး အားပေးခဲ့ဖူးသည်။  ယခုမူထိုအတိုင်းပင်။  နေ့စဉ်ဘဝတွင် ယူနီဖောင်းများကို မြင်ရလျှင်ဖြစ်စေ၊  လက်ဖက်ရည်ဆိုင်ထိုင်ရုံမျှဖြစ်စေ စိတ်မလုံခြုံမှု ခံစားရသည်ဟု ကိုထူးအောင်ကဆိုသည်။ 


ထောင်အပြင် ပတ်ဝန်းကျင်၏ ရုန်းကန်ရမှုများသည် ကိုထူးအောင်တစ်ယောက်တည်း ကြုံတွေ့နေရသည့် အိမ်မက်ဆိုးတော့ မဟုတ်ပါ။    စိတ်လွတ်လပ်ခွင့် ပျောက်ဆုံးနေရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများစွာရှိနေပါသည်။ 


ပြင်ပလောကကြီး ပြန်ရောက်ချိန် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်များသာမက ရုပ်ပိုင်းဆိုင်ရာအရပါ ထောင်တွင်းတွင် ညှဉ်းပန်းခံခဲ့ရခြင်းကြောင့် နောက်ဆက်တွဲရောဂါများ ခံစားနေကြရသူများလည်း ရှိကြသည်။ 


ထိုအထဲတွင် မန္တလေး၊ အိုးဘိုထောင်မှ သုံးနှစ်ကျော်ကြာ နေထိုင်ခဲ့ရပြီး လွတ်လာသည့်” ကိုကျော်သူ (အမည်လွှဲ) တစ်ယောက်လည်း အပါအဝင် ဖြစ်သည်။  စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ဆန္ဒပြမှုဖြင့် နန်းတွင်းစစ်ကြောရေးတွင် လူမဆန်စွာ ရိုက်နှက်နှိပ်စက်ခံရပြီး  ဒဏ်ရာများ ရခဲ့သည်၊ ပြန်လည်လွတ်လာသည် အထိ ဝေဒနာများ ခံစားနေရဆဲဖြစ်သည်။ 


နောက်ဆက်တွဲအဖြစ် ခါးနာခြင်း၊ ဆီးနှင့်ကျောက်ကပ်ဝေဒနာများအတွက် နေ့စဉ်နှင့်အမျှ ဆေးကုသမှု ခံယူနေရသလို၊ ယခင်ကလို ပင်ပင်ပန်းပန်း အလုပ်မလုပ်နိုင်တော့ခြင်းကြောင့် ရေရှည်ရပ်တည်ရေးကိုပါ ခက်ခဲစေကာ ဘဝကိုအသစ်ကပြန်စရန်ပင် လမ်းပျောက်နေရသည်ဟု ကိုကျော်သူကဆိုသည်။ 

“ရာသီဥတုအေးတဲ့အချိန်တွေဆိုရင် ဒဏ်တွေကနာတယ်။  ကိုက်တယ်။  ပြီးတော့ ဆီးသွားရခက်တာပေါ့နော်။  ဆီးမသွားနိုင်တာတွေလည်း မကြာခဏဖြစ်တယ်”ဟု ကိုကျော်သူက ပြောပြသည်။ 


ထိုသို့သော ရုပ်ပိုင်းဆိုင်ရာနာကျင်မှုများအပြင် မလုံခြုံသောပြင်ပလောကမှ အခြေအနေဆိုးများကြောင့် ယခုထက်တိုင် ထောင်ကျသကဲ့သို့ပင် နေထိုင်နေရကြောင်းဆိုသည်။ 


“လူက အပြင်မှာသာနေရတာလေ။  မလုံခြုံဘူး။  ကိုယ်တင်မဟုတ်ပါဘူး။  ရှိသမျှလူ အကုန်လုံးက လုပ်ငန်းရှင်တွေ ရော၊ သူဌေးတွေ၊ ဆင်းရဲသားတွေမချန် အကုန်လုံးက ဘယ်သူမဆို နေ့စဉ်နဲ့အမျှ ဖမ်းခံရနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတာကိုး” ဟု ဆိုသည်။ 


“အတွင်းနဲ့အပြင်ဆိုရင် နံရံတွေကြားမှာ နေရတာနဲ့ လွတ်လွတ်လပ်လပ်နေရတာနဲ့ ဒါပဲကွာတာပါ။ 

အားလုံးက ထောင်ကျနေသလိုခံစားချက်ကြီး”


အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်ခြင်းကြောင့် စားဝတ်နေရေးခက်ခဲနေခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဝေဒနာများအပြင် လုံခြုံရေးဆိုင်ရာ ခက်ခဲသည့်အခြေအနေများလည်း ရင်ဆိုင်နေကြရသည်ဟု ကိုကျော်သူက ပြောပြသည်။ 


“ကျွန်တော်နဲ့အတူ လွတ်လာတဲ့နိုင်ကျဉ်းတချို့ဆိုရင် အပြင်ရောက်တာ နှစ်နှစ်လောက်ရှိပြီ။  အခုချိန်ထိ အလုပ်အကိုင်အတည်တကျ မရကြဘူး။  တောက်တိုမယ်ရလေးတွေနဲ့ ခက်ခက်ခဲခဲရုန်းကန်နေကြရတယ်”ဟု ဆိုသည်။ 


စားဝတ်နေရေးအခက်အခဲသာမက နိုင်ကျဉ်းဖြစ်သည့်အတွက် စောင့်ကြည့်ခံရခြင်း၊  အစစ်အဆေးခံရခြင်းစသည့် လုံခြုံရေးအန္တရာယ်များရင်ဆိုင်ကြရသည်။ 


“လူထူထူထပ်ထပ်ထဲ သွားရင် ဒီကောင်တွေက ယူနီဖောင်းဝတ်ထားပြီး မဲမဲမြင်ရာရန်မူချင်တဲ့စိတ်ရှိတော့၊ လူစိတ်မရှိတဲ့ကောင်တွေဆိုတော့လေ၊ သူတို့မြင်ရင်ကို မလုံခြုံဘူးလို့ ခံစားနေရတာ။ ဒါ့ကြောင့် ဒီကောင်တွေနဲ့ မပတ်သက်ချင်လို့ကိုရှောင်တယ်။  အေးဆေးနေတယ်”ဟု ပြောသည်။ 


မိတ်ဆွေများက ပေးသော ဝေဒနာ


နိုင်ကျဉ်းဟောင်းတို့ရင်ဆိုင်ရသည်မှာ အဆိုပါ လုံခြုံမှုမရှိသည့်ပတ်ဝန်းကျင်မျှပင် မကပေ။  ၎င်းတို့ကို ပိုမိုအနာတရဖြစ်စေသည်မှာ လူမှုပတ်ဝန်းကျင်၏ စိမ်းကားမှုဖြစ်သည်ဟုဆိုသည်။ တချိန်က အရင်းနှီးဆုံးဟူသည့် မိတ်ဆွေများကပင် ပြဿနာတက်မည်စိုး၍ ရှောင်ဖယ်သွားကြခြင်း၊

ပတ်ဝန်းကျင်၏ “မင်းတို့ အနေအထိုင်မတတ်လို့ ထောင်ကျတာ၊ ဟီးရိုးလုပ်ချင်လို့ ခံရတာ နည်းသေးတယ်”ဟူသော ရင်နာစရာ ဝေဖန်ကဲ့ရဲ့မှုများကလည်း ရင်ဝကို ဆောင့်ကန်သလိုရှိလှသည်ဟု ကိုကျော်သူကဆိုသည်။ 


“လက်ဖက်ရည်ဆိုင်ထိုင်ရင်တောင် ကိုယ်နဲ့ထိုင်ရင် အဖမ်းခံရတော့မှာလိုလို၊ ကိုယ်ရောက်လာရင် ထပြေး ကြတာတို့၊ မခေါ်ရဲ၊ မပြောရဲတဲ့သူတွေတောင်ရှိတယ်”


သို့သော် ထိုသို့သော အထီးကျန်မှုနှင့် အချို့သော ကဲ့ရဲ့ရှုတ်ချမှုတို့ကြားတွင် မိမိနိုင်ငံအတွက် လုပ်သင့် လုပ်ထိုက်သည့် တာဝန်များကို ပြည်သူတစ်ဦးအနေဖြင့် ကျေပွန်စွာထမ်းဆောင်ခဲ့သည့်အကြောင်း တွေးတောမိရင်း ထောင်ကျခဲ့သည်ကို ဂုဏ်ယူမိသည်ဟု ၎င်းကဆိုသည်။


“အခုလည်း နိုင်ရာတာဝန်ထမ်းတယ်။  ကိုယ်တတ်နိုင်တာမှာ ပါဝင်တယ်။  ကိုယ့်ဆွေမျိုးထဲမှာတောင်မှ စစ်တပ်နဲ့ မကင်းသူတွေ၊ ဝန်ထမ်းလုပ်နေတဲ့သူတွေ၊ CDM မလုပ်သူတွေ မပတ်သက်တော့ဘူး။  ကင်းအောင်နေလိုက်တယ်”ဟု ပြတ်သားစွာဆိုသည်။ 



Comments


bottom of page