အကျဉ်းစံ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နာဂတ်စ် မိုဟာမဒီ
- Horizons News

- 3 days ago
- 1 min read

နိုဗယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ပွဲ မကျင်းပခင် အော်စလိုမြို့လယ်က ဂရန်းဟော်တယ် ရှေ့မှာ နာဂတ်စ် မိုဟာမဒီရဲ့ ပုံကို ပြသထားခဲ့ပါတယ်
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်တုန်းက နော်ဝေနိုင်ငံ အော်စလိုမြို့တော်မှာ ကျင်းပခဲ့တဲ့ အခမ်းအနားမှာ အသက် ၁၇ နှစ်အရွယ် အမွှာနှစ်ယောက် (ကောင်လေးနှင့် မိန်းကလေး) ဟာ နိုဘယ်ငြိမ်းချမ်းရေးဆုတံဆိပ်ကို လက်ခံရယူကာ သူတို့နှစ်ဦးကြားက ကုလားထိုင်လွတ်ပေါ်မှာ တင်ထားလိုက်ပါတယ်။
မိန်းကလေးက သူတို့ မိခင်မရှိဘဲ ဆယ်ကျော်သက်အရွယ်ကို ဖြတ်သန်းရတဲ့ အခက်အခဲတွေ၊ အထူးသဖြင့် အီရန်အမျိုးသမီးတွေရဲ့လူ့အခွင့်အရေးကို ကာကွယ်တဲ့ သူတို့အမေရဲ့ ဂုဏ်ယူဖွယ်ရပ်ကို ဖော်ပြတဲ့ဆု လက်ခံမိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။
အီရန်ကနေ ဥရောပကို အသက် ရှစ်နှစ်အရွယ်တုန်းက ထွက်ခွာလာခဲ့ရပြီးနောက် သူတို့တကွဲတပြားစီ နေထိုင်ခဲ့ရပါတယ်။
အဲဒီတုန်းက သူတို့ မိခင်ဟာ အီရန် အကျဉ်းထောင်ထဲမှာ ရှိခဲ့ပြီး အခုလည်း အီရန်အကျဉ်းထောင်မှာ ရှိနေဆဲပါ။
အမွှာနှစ်ယောက် အသက် နှစ်နှစ်အရွယ်မှာတုန်းက အီရန်စစ်ဆေးရေးမှူးတစ်ဦးက နာဂတ်စ်မိုဟာမဒီကို "မင်းမှာ ကလေးငယ်တွေရှိတော့ မင်းကို ဖမ်းဆီးမှာ မဟုတ်ဘူးလို့ မထင်နဲ့။ မင်းနဲ့မင်းရဲ့ကလေးတွေကို အကျဉ်းခန်းတစ်ခုထဲ ငါခေါ်လာမယ်။ "မင်း တီဟီရန်ကို စွန့်ခွာရမယ်" လို့ သတိပေးခဲ့ဖူးပါတယ်။
ဒါပေမယ့် သူ အီရန်ကို မစွန့်ခွာခဲ့ပါဘူး။ လူ့အခွင့်အရေးလှုပ်ရှားမှုအတွက် မြှုပ်နှံထားတဲ့ ဘဝကို စွန့်ခွာဖို့ သူ ငြင်းဆန်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ နာဂတ်စ် မိုဟာမဒီ နိုဘယ်ငြိမ်းချမ်းရေးဆုရရှိတဲ့ ဒုတိယမြောက် အီရန်အမျိုးသမီး ဖြစ်လာခဲ့ပါတယ်။


Comments