Equal AI ၏ ဖုန်းခေါ်ဆိုမှုများကို AI ဖြင့် စစ်ဆေးပေးသည့် အက်ပ်အတွက် ဒေါ်လာ သန်း ၃၀ ရင်းနှီးမြှုပ်နှံမှု ရရှိ
- Horizons News

- Jun 13
- 1 min read
နယူးဒေလီ၊ ဇွန် ၁၃ ၊ Horizons

အိန္ဒိယနိုင်ငံအခြေစိုက် Equal AI ကုမ္ပဏီသည် ဖုန်းခေါ်ဆိုမှုများကို AI အကူအညီဖြင့် စစ်ဆေးပေးနိုင်သည့် ၎င်းတို့၏ အက်ပ်လီကေးရှင်းအတွက် Series B ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ သန်း ၃၀ ရရှိခဲ့ကြောင်း ယနေ့တွင် ကြေညာလိုက်သည်။
ယခုရင်းနှီးမြှုပ်နှံမှုတွင် Prosus Ventures, Tomales Bay Capital, Think Investments နှင့် Valiant Fund တို့အပြင် PhonePe တည်ထောင်သူ Sameer Nigam အပါအဝင် နာမည်ကြီး ရင်းနှီးမြှုပ်နှံသူများ ပါဝင်ခဲ့ကြပြီး ကုမ္ပဏီ၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၄၂ သန်းကျော်အထိ ရောက်ရှိလာပြီဖြစ်သည်။
အိန္ဒိယနိုင်ငံတွင် အသုံးပြုသူများသည် နေ့စဉ်နှင့်အမျှ Spam Call များ၊ လိမ်လည်မှုများနှင့် ကြော်ငြာဖုန်းခေါ်ဆိုမှုများစွာကို လက်ခံနေရသည်။ လက်ရှိအသုံးပြုနေသော Truecaller နှင့် အစိုးရ၏ CNAP စနစ်များမှာ ခေါ်ဆိုသူ၏ အမည်ကိုသာ ပြသနိုင်သော်လည်း ၎င်းတို့ ခေါ်ဆိုရသည့် အကြောင်းရင်းကိုမူ မသိရှိနိုင်ပေ။
Equal AI ၏ အဓိကအားသာချက်မှာ အသုံးပြုသူကိုယ်စား ဖုန်းလက်ခံဖြေကြားပေးကာ ခေါ်ဆိုသူထံမှ အချက်အလက်များကို စုဆောင်းပြီး မည်သည့်အကြောင်းကြောင့် ခေါ်ဆိုသည်ကို အသုံးပြုသူထံ အတိအကျ ပြန်လည်ရှင်းပြပေးနိုင်သည့် AI Assistant စနစ် ဖြစ်သည်။
၂၀၂၂ ခုနှစ်တွင် Keshav Reddy စတင်တည်ထောင်ခဲ့သော ဤကုမ္ပဏီသည် အစပိုင်းတွင် ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများအတွက် Data Sharing Platform အဖြစ် စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် သုံးစွဲသူများအတွက် တိုက်ရိုက်အသုံးဝင်မည့် AI Call Assistant ဝန်ဆောင်မှုကို ပြောင်းလဲတိုးချဲ့ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်က Android ဗားရှင်းဖြင့် အက်ပ်ကို စတင်မိတ်ဆက်ခဲ့ပြီး လက်ရှိတွင် လစဉ် Active User ၁ သန်းကျော်နှင့် နေ့စဉ် Active User ၃ သိန်းကျော်အထိ ရရှိထားပြီဖြစ်သည်။
အဆိုပါ အက်ပ်သည် Unknown Number များမှ ခေါ်ဆိုလာပါက "ပစ္စည်းကို တံခါးရှေ့မှာ ထားခဲ့ပါ" စသည့် ကြိုတင်သတ်မှတ်ထားသော စာသားများ သို့မဟုတ် အသုံးပြုသူကိုယ်တိုင် ရိုက်ထည့်သည့် စာသားများကို ရွေးချယ်နိုင်ပြီး AI က တစ်ဖက်လူထံသို့ အသံဖြင့် ပြန်လည်ဖတ်ကြားပေးမည်ဖြစ်သည်။
ထို့အပြင် ဖုန်းပြောဆိုမှုများကို မှတ်တမ်းတင်ထားပြီး Recording, Transcript နှင့် အနှစ်ချုပ် (Summary) များကိုပါ အက်ပ်အတွင်း အလွယ်တကူ ပြန်လည်ကြည့်ရှုနိုင်မည်ဖြစ်သည်။
လက်ရှိတွင် အင်္ဂလိပ်ဘာသာအပြင် အိန္ဒိယနိုင်ငံတွင် အသုံးများသော ဘာသာစကား ၁၀ မျိုးကျော်ကို ထောက်ပံ့ပေးထားပြီး မကြာမီတွင် သိပြီးသား Contact များကိုပါ Screen လုပ်ပေးနိုင်ရန် စီစဉ်နေသည်။
ထို့အပြင် ပို့ဆောင်ရေးဝန်ထမ်းထံ လိပ်စာပို့ပေးခြင်း၊ ရက်ချိန်းရယူပေးခြင်း စသည့် အဆင့်မြင့်လုပ်ဆောင်ချက်များကိုလည်း ထည့်သွင်းသွားမည်ဖြစ်ကာ iPhone (iOS) ဗားရှင်းနှင့် Premium Subscription ဝန်ဆောင်မှုကိုပါ မကြာမီ မိတ်ဆက်သွားမည်ဖြစ်သည်။
ဈေးကွက်အတွင်း Google, Apple နှင့် Truecaller တို့ကဲ့သို့ အားကောင်းသော ပြိုင်ဘက်များ ရှိနေသည့်အပြင် အမေရိကန်တွင်လည်း Cloaked ကဲ့သို့ အလားတူ Startup မျိုး ရှိနေသော်လည်း အိန္ဒိယဈေးကွက်နှင့် သုံးစွဲသူများ၏ လိုအပ်ချက်ကို နက်နက်ရှိုင်းရှိုင်း နားလည်ထားခြင်းက Equal AI ၏ အဓိက အားသာချက်ဖြစ်ကြောင်း ကုမ္ပဏီက ယုံကြည်ထားသည်။



Comments