Google Earth တွင် AI ဖြင့် ပုံတုဖန်တီးနိုင်သည့် စနစ်ကို မိတ်ဆက်ခဲ့သော်လည်း ပြင်းထန်သော ဝေဖန်မှုများကြောင့် တစ်ရက်အကြာတွင် Google ပြန်လည်ရုပ်သိမ်း
- Horizons News

- Aug 2
- 2 min read
နိုင်ငံတကာ ၊ ဩဂုတ် ၂ ၊ Horizons

ပြီးခဲ့သည့် ကြာသပတေးနေ့က Google သည် ၎င်း၏ Google Earth တွင် မည်သူမဆို AI ဖြင့် ပုံတုများ ဖန်တီးနိုင်မည့် လုပ်ဆောင်ချက် အသစ်တစ်ခုကို မိတ်ဆက်ခဲ့သည်။
သို့သော် အသုံးပြုသူများက ယင်းစနစ်ကို အလွဲသုံးစားလုပ်ကာ အီရန်နိုင်ငံရှိ နျူကလီးယားစက်ရုံ အတုပုံစံများနှင့် နယူးယောက်မြို့ရှိ One World Trade Center သို့ လေယာဉ်ဝင်တိုက်နေသည့်ပုံများ စသည့် အတုအယောင်များကို ဖန်တီးခဲ့ကြသည်။
ယင်းလုပ်ရပ်များကြောင့် အွန်လိုင်းပေါ်တွင် ပြင်းထန်သော ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက် သောကြာနေ့တွင် အဆိုပါ Feature ကို Google ဘက်က ချက်ချင်း ပြန်လည်ရုပ်သိမ်း သွားခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ Google က "လူတွေဟာ ကမ္ဘာကြီးရဲ့ မြင်ကွင်းတွေအတွက် Google Earth ကို ယုံကြည်စိတ်ချစွာ အသုံးပြုနေကြတယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ ပထဝီဝင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက ဒီ Feature ကို အကျိုးရှိရှိ အသုံးပြုနေကြတာကို တွေ့ရသလို၊ တစ်ဖက်မှာလည်း ကျွန်တော်တို့ရဲ့ မူဝါဒတွေကို ချိုးဖောက်ပြီး AI နဲ့ ဖန်တီးထားတဲ့ ပုံတွေကို မျှဝေနေကြတာကိုလည်း တွေ့လာရပါတယ်" ဟု တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ပိုမိုခိုင်မာသော ကာကွယ်မှုစနစ်များ ကို မတည်ဆောက်နိုင်မီ အဆိုပါ Feature ကို ယာယီရုပ်သိမ်းထားမည်ဖြစ်ကြောင်း Google က ရှင်းလင်းထားသည်။ ထို့ပြင် AI ဖြင့် ဖန်တီးထားသောပုံများသည် အခြားသူများမြင်တွေ့နိုင်ရန် ပင်မ Google Earth ပေါ်တွင် တိုက်ရိုက်ပေါ်လာမည်မဟုတ်ဘဲ 'AI-generated' ဟု ရေစာ ပါရှိမည်ဖြစ်ကြောင်းလည်း ဆိုသည်။
သို့သော် အဓိက မေးခွန်းထုတ်စရာဖြစ်နေသည်မှာ Google အနေဖြင့် ဤ Feature ကို အဘယ်ကြောင့် အစကတည်းက မိတ်ဆက်ခဲ့သနည်း ဆိုသည့်အချက်ဖြစ်သည်။ လူအများသည် တကယ့်အဖြစ်အပျက်မဟုတ်သော အရာများကို Google Earth တွင် ဖန်တီးလာကြပြီး အစစ်အမှန်ဟု ထင်ယောင်ထင်မှားဖြစ်ပါက အလွယ်တကူ ပျံ့နှံ့ သွားနိုင်သည့် အန္တရာယ်ရှိနေသည်။
ဥပမာအားဖြင့် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ထောက်ခံသူများအတွက် နိုင်ငံရေးအရ အသုံးချနိုင်သည့် မက္ကဆီကို-အမေရိကန် နယ်စပ်တွင် လူအများအပြား စုရုံးနေသည့် ပုံတုမျိုးကိုပါ ဖန်တီးခဲ့ကြသည်။
၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ (9/11) အကြမ်းဖက်တိုက်ခိုက်မှုများကို အတုအယောင်ဟု ယုံကြည်နေသူများစွာ ရှိနေဆဲဖြစ်သည်။ ဤကဲ့သို့သော ပုံတုများကို Google ၏ တရားဝင်မှု အသိအမှတ်ပြုထားသကဲ့သို့ ဖန်တီးခွင့်ပြုခြင်းက လူသားများအတွက် မည်သို့အကျိုးရှိမည်ကို တွေးတောစရာဖြစ်နေသည်။
ရေစာ ပါရှိသည် ဆိုသော်ငြားလည်း အခြား AI Tool များဖြင့် အလွယ်တကူ ဖျက်ပစ်၍ ရနိုင်ပေသည်။ ထို့ကြောင့် သာမန်အသုံးပြုသူများအတွက် ဤ Feature အသစ်က မည်သို့ အသုံးဝင်မည်ကို Google ဘက်က ခိုင်လုံစွာ ရှင်းလင်းနိုင်ခြင်းမရှိသေးပေ။
AI Feature ကို ရုပ်သိမ်းလိုက်သည့် Google ၏ ဆုံးဖြတ်ချက်အပေါ် အများပြည်သူက ကြိုဆိုခဲ့ကြသော်လည်း၊ အစကတည်းက ဤကဲ့သို့ လုပ်ဆောင်ခဲ့မှုအပေါ်တွင်မူ ဒေါသထွက်နေကြဆဲဖြစ်သည်။ "Gravity Falls" တီဗီအစီအစဉ်ကို ဖန်တီးသူ အန်နီမေးရှင်းပညာရှင် Alex Hirsch က "ခင်ဗျားတို့ ဟာ ကိုယ့်ကမ္ဘာလေးထဲမှာပဲ ကိုယ်နေနေကြတာပါ။
Silicon Valley ပြင်ပကို နှစ်စက္ကန့်လောက် ထွက်ကြည့်လိုက်ရင် သာမန်လူသားတွေဟာ ထုတ်ကုန်တိုင်းရဲ့ နေရာတိုင်းမှာ AI အမှိုက်တွေ ဝင်လာတာကို မလိုလားဘူးဆိုတာ သိလာပါလိမ့်မယ်" ဟု X တွင် ဝေဖန်ရေးသားခဲ့သည်။
နည်းပညာကုမ္ပဏီကြီးများသည် အရာရာတိုင်းတွင် AI ကို အတင်းအကျပ် ထည့်သွင်းရန် ကြိုးပမ်းနေမှုအပေါ် အများပြည်သူ၏ မကျေနပ်မှုများ ကြီးထွားလျက်ရှိသည်။ သို့သော် သြဇာကြီးမားသူများကမူ AI ကို နေရာအနှံ့ အသုံးပြုရန် လိုလားလျက်ရှိသည်။
အချို့အတွက် ၎င်းမှာ စတော့ရှယ်ယာဈေးနှုန်းများ မြင့်တက်နေစေရန်ဖြစ်ပြီး၊ အချို့သော အထက်တန်းလွှာများအတွက်မူ လုပ်ခလစာ ပြဿနာများနှင့် သက်ဆိုင်နေသည်။
သမိုင်းတစ်လျှောက် အလိုအလျောက် စက်ကိရိယာများ သည် စက်ရုံလုပ်သားများ ၏ နေရာကို အစားထိုးခဲ့သော်လည်း၊ ယခုအခါ AI Chatbot များကြောင့် ရုံးလုပ်သားများ ပါ အစားထိုးခံရနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်လာရပြီး ၎င်းမှာ လုပ်သားများ လစာတိုးတောင်းရန် ပိုမိုခက်ခဲသွားစေမည့် အခြေအနေတစ်ရပ် ဖြစ်လာစေနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
( ကိုးကား - Gizmodo )



Comments