top of page
Logo-Icon.png

ONE Friday Fights 158 တွင် ဆလာတန်ကို အလဲထိုးရန် ဒတ်ချ်ကစ်ဘောက်ဆင်ဗျူဟာများ သုံးရမည့် ကျော်စွာဝင်း

ရန်ကုန်၊ ဇွန် ၁၁ ၊ Horizons



ကမ္ဘာတစ်ဝန်း စောင့်မျှော်နေကြသည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးနှင့်အတူ မြန်မာပရိသတ်များ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမည့် ONE Friday Fights 158 ပြိုင်ပွဲကြီးကို မနက်ဖြန်တွင် ကျင်းပတော့မည်ဖြစ်သည်။


ယင်းပြိုင်ပွဲတွင် မြန်မာ့ဂုဏ်ဆောင်ဖိုက်တာ ကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ ဆလာတန်တို့၏ ပွဲစဉ်မှာ အထူးစိတ်ဝင်စားဖွယ် ဖြစ်နေသည်။


ပြိုင်ဘက်ဖြစ်သူ ထိုင်းဖိုက်တာ ဆလာတန်သည် နာမည်ကျော် ရော့ထန်တို့၏ အုပ်စုမှဖြစ်ပြီး မွေထိုင်းပွဲပေါင်း ၁၀၀ ဝန်းကျင်အထိ ထိုးသတ်ဖူးသည့် အတွေ့အကြုံရင့် ကစားသမားတစ်ဦးဖြစ်သည်။


သို့သော် ၎င်းတွင် ပွဲအတွင်း ဖိအား (Pressure) ဒဏ်ကို ကောင်းစွာမခံနိုင်ခြင်းနှင့် ပွဲကစားရာတွင် အနည်းငယ် ညစ်တတ်သည့် အားနည်းချက်များ ရှိနေသည်။


ကျော်စွာဝင်းအနေဖြင့် ထိုင်းမြေတွင် သွားရောက်ထိုးသတ်ရခြင်းဖြစ်သောကြောင့် အမှတ်ဖြင့် အနိုင်ယူရန် ကြိုးပမ်းပါက ဒိုင်များ၏ အဆုံးအဖြတ်ကြောင့် မလိုလားအပ်ဘဲ နစ်နာမှုများ ရှိလာနိုင်သည်။


ထို့ကြောင့် ပွဲကို အပြတ်အသတ် အလဲထိုးဖြင့်သာ အဆုံးသတ်နိုင်ရန် ဒတ်ချ်ကစ်ဘောက်ဆင် (Dutch Kickboxing) ဗျူဟာများကို ထုတ်သုံးရန် လိုအပ်နေသည်။


အဓိကအားဖြင့် ဆလာတန်၏ အားသာချက်ဖြစ်သော ညာခြေကန်ချက်များနှင့် အနီးကပ် တံတောင်ရိုက်ချက်များကို သတိထား ကာကွယ်ရမည်ဖြစ်သည်။


ထို့ပြင် ဆလာတန်၏ အနီးကပ် ဖိအားပေးမှုများနှင့် ကန်ချက်များကို အတင်းအဓမ္မ လိုက်လံတားဆီးနေမည့်အစား မိမိအတွက် အခွင့်အရေးဖြစ်လာစေရန် ပြောင်းလဲအသုံးချရမည်ဖြစ်သည်။


အနီးကပ် အနေအထားများတွင် ပင့်လက်သီးနှင့် ဝိုက်လက်သီးတိုများကို တရစပ် ပစ်သွင်းရန် လိုအပ်သလို၊ ပြိုင်ဘက်၏ ကန်ချက်များကို ဖမ်းဆုတ်လှဲချခြင်း၊ အကွာအဝေးထိန်းသည့် ခြေထောက်ကို ဖယ်ရှားကာ ပြင်းထန်သော လက်သီးချက်များဖြင့် တုံ့ပြန်ခြင်းများကို ပြုလုပ်ရမည်ဖြစ်သည်။


ထို့အပြင် တိုက်စစ်ဆင်ရာတွင်လည်း အပေါ်အောက် (High-Low) ချက်ချင်းပြောင်းလဲ လှည့်စားတိုက်ခိုက်ခြင်းဖြင့် ဆလာတန်၏ ကာကွယ်ရေးတံတိုင်းကို ဖျက်ဆီးနိုင်မည်ဆိုပါက ကျော်စွာဝင်းအတွက် အနိုင်ရရန် အခွင့်အရေး အပြည့်အဝရှိနေသည်။


အတွေ့အကြုံရင့် ဆလာတန်၏ ညစ်ကွက်များနှင့် ဖိအားများကို ကျော်စွာဝင်းတစ်ယောက် ဒတ်ချ်ကစ်ဘောက်ဆင် စတိုင်ဖြင့် မည်ကဲ့သို့ တုံ့ပြန်ချေပပြီး မြန်မာပရိသတ်များအတွက် အောင်ပွဲဆင်ပေးမည်ကို မနက်ဖြန်တွင် ကျင်းပမည့် ONE Friday Fights 158 ပြိုင်ပွဲ၌ ရင်ခုန်စွာ စောင့်ကြည့်အားပေးရမည်ဖြစ်သည်။


(မူရင်းရေးသားသူ - ဇလာတန်)

Comments


bottom of page