top of page
Logo-Icon.png

Spring Mon Garment စက်ရုံ လုပ်ခလစာတိုးမြှင့်ရေး အလုပ်သမားတောင်းဆိုမှု (၁၄) ရက်ကြာသည်အထိ ပြေလည်မှုမရသေး

ရန်ကုန် ၊ ဇူလိုင် ၂၁ ၊ Horizons



ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၄)၊ ဝတ်မစွတ်ဝန်ထောက်လမ်း၊ အမှတ် (၁၂၃/A) ရှိ Spring Mon Garment Manufacturing Co., Ltd. အထည်ချုပ်စက်ရုံမှ အလုပ်သမားများ လုပ်ခလစာ တိုးမြှင့်ပေးရန် အလုပ်ရှင်ထံ တောင်းဆိုမှုမှာ (၁၄) ရက်မြောက်နေ့အထိ ပြေလည်မှု မရရှိသေးကြောင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (STUM) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။



အဆိုပါစက်ရုံရှိ အလုပ်သမား (၁၇၇) ဦးသည် လွန်ခဲ့သည့် ဇူလိုင်လ (၈) ရက်နေ့မှစတင်ကာ လုပ်ခလစာနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ အောက်ပါအချက် (၉) ချက်ကို အလုပ်ရှင်ထံ တောင်းဆိုဆန္ဒထုတ်ဖော်နေကြခြင်းဖြစ်သည်။


(၁) ဒေးကြေး - ၁၃,၀၀၀ ကျပ်

(၂) ရက်မှန်ကြေး - ၅၀,၀၀၀ ကျပ်

(၃) အချိန်ပို (OT) ကြေး - ၁ နာရီလျှင် ၂,၅၀၀ ကျပ်

(၄) ကျွမ်းကျင်ကြေး - Grade (A) ၆၀,၀၀၀ ကျပ်၊ Grade (B) ၅၀,၀၀၀ ကျပ်၊ Grade (C) ၄၀,၀၀၀ ကျပ်

(၅) ရက်ပျက်ပါက တနင်္ဂနွေ (Sunday) ကြေး မဖြတ်တောက်ရန်

(၆) တနင်္ဂနွေနေ့ အချိန်ပို ဆင်းရပါက ဒေးကြေး နှစ်ဆဖြင့် ရှင်းပေးရန်

(၇) အရေးကြီးကိစ္စရှိပါက ရှောင်တခင်ခွင့် ပေးရန်

(၈) လုပ်သက်ဆုကြေးကို ဒေးကြေးဖြင့် တွက်ချက်ရှင်းပေးရန်

(၉) ဂိတ်ပါတ် (ဂိတ်ဆင်းခွင့်) ယူပါက တနင်္ဂနွေကြေး မဖြတ်တောက်ရန်

စက်ရုံဘက်မှ ယခင် ပေးချေနေသည့် ဒေးကြေး (၁၀,၀၀၀) ကျပ်၊ အချိန်ပိုကြေး (၂,၀၀၀) ကျပ်နှင့် ရက်မှန်ကြေး (၄၀,၀၀၀) ကျပ်တို့အပေါ် ညှိနှိုင်းမှုများပြုလုပ်ခဲ့ရာ ဒေးကြေး (၁၁,၀၀၀) ကျပ် နှင့် အချိန်ပိုကြေး (၂,၂၀၀) ကျပ် ကိုသာ တိုးမြှင့်ပေးရန် သဘောတူခဲ့သည်။


သို့သော် အလုပ်သမားများ တောင်းဆိုထားသည့် ကျန်အချက်များ အပြည့်အဝ မရရှိသေးသည့်အတွက် ဆက်လက်တောင်းဆိုရန် အလုပ်သမားများက ဆုံးဖြတ်ထားကြသည်။


အလုပ်သမားများ တောင်းဆိုထားသည့် အချက်အမှတ် (၅) မှ (၉) အထိ ပါရှိသော တနင်္ဂနွေကြေးမဖြတ်ရေး၊ ခွင့်ရက်နှင့် လုပ်သက်ဆုကြေး ဆိုင်ရာအချက်များမှာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (အလည) မှ စည်းကြပ်သည့် တည်ဆဲအလုပ်သမားဥပဒေပါ အခွင့်အရေးများဖြစ်သဖြင့် အလုပ်ရှင်ဘက်မှ မဖြစ်မနေ လိုက်နာရမည့် တာဝန်ရှိကြောင်းလည်း သိရသည်။


အဆိုပါ ပြဿနာနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်နေ့ မွန်းလွဲ (၂) နာရီတွင် တိုင်းအလုပ်သမားညွှန်ကြားရေးဦးစီးဌာန ရုံး၌ (၈) ကြိမ်မြောက် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သော်လည်း နှစ်ဖက်ပြေလည်မှု မရရှိသေးပေ။ 


Spring Mon Garment အထည်ချုပ်စက်ရုံသည် အလုပ်သမား (၂၀၀) ကျော်ဖြင့် CMP စနစ်သုံး Brand အထည်များကို ချုပ်လုပ်နေသည့် စက်ရုံတစ်ခုဖြစ်ပြီး လက်ရှိတွင် အလုပ်သမားများ၏ တောင်းဆိုမှုမှာ သပိတ်မှောက်တောင်းဆိုသည့် (၁၄) ရက်မြောက်နေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။


#ရန်ကုန် #လှိုင်သာယာ #SpringMonGarment #အလုပ်သမားအခွင့်အရေး #လုပ်ခလစာတောင်းဆိုမှု #ပြည်တွင်းသတင်း #Horizons

Comments


bottom of page