ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် နေအိမ်တစ်လုံး ကျပ်သိန်း (၁,၀၀၀) အထိ ထောက်ပံ့ပေးနေသော်လည်း နစ်နာကြေးနည်းပါးသဖြင့် လက်မခံသည့် ဒေသခံများရှိနေ
- Horizons News

- Jun 27
- 1 min read
နမ့်ခမ်း ၊ ဇွန် ၂၇ ၊ Horizons

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားသော ကောင်းတပ်ကျေးရွာတွင် ယမ်းဂိုဒေါင်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားခဲ့ရသည့် နေအိမ်များ ပြန်လည်ထူထောင်ရေးအတွက် နေအိမ်တစ်လုံးလျှင် အမြင့်ဆုံး ကျပ်သိန်း (၁,၀၀၀) အထိ ကူညီထောက်ပံ့ပေးလျက်ရှိသော်လည်း၊ ပေးအပ်သည့်ပမာဏမှာ နည်းပါးလွန်းသည်ဟုဆိုကာ လက်မခံဘဲ ငြင်းဆန်နေသည့် ဒေသခံပြည်သူများလည်း ရှိနေကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်တွင်းပြည်ပမှ ပါဝင်လှူဒါန်းထားသည့် အလှူငွေများဖြင့် ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့မှစတင်၍ ပျက်စီးမှုအခြေအနေအပေါ် မူတည်ကာ လိုက်လံပေးအပ်နေခြင်း ဖြစ်သည်။
နေအိမ်များအတွက် ထောက်ပံ့ပေးရာတွင် ကနဦးက နေအိမ်အားလုံးကို တစ်ပုံစံတည်း ပြန်လည်ဆောက်လုပ်ပေးရန် စီစဉ်ခဲ့သော်လည်း ဒေသခံများ၏ ဆန္ဒအရ မူလပျက်စီးသွားသော နေအိမ်အမျိုးအစားနှင့် အနေအထားအပေါ် မူတည်၍ ငွေသားသက်သက်သာ ခွဲခြားထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း မိသားစုဝင်များ သေဆုံးခဲ့ရပြီး ဘဝတစ်သက်တာ ရင်းနှီးတည်ဆောက်ခဲ့ရသည့် နေအိမ်များ မျက်စိရှေ့မှောက်တွင် ပြာကျပျက်စီးသွားခဲ့ရသည့် ဒေသခံပြည်သူများ၏ အသံမှာမူ နာကျင်မှုများနှင့် ပြည့်နှက်နေဆဲဖြစ်သည်။
အချို့သော ဒေသခံများက ရရှိသည့် ထောက်ပံ့ငွေပမာဏသည် လက်ရှိ ကုန်ဈေးနှုန်းများအရ နေအိမ်တစ်လုံး ပြန်လည်တည်ဆောက်ရန် လုံလောက်မှုမရှိသလို၊ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးခဲ့ရမှုအတွက် တန်ကြေးမမျှတဟုဆိုကာ လက်ခံခြင်းမရှိဘဲ ငြင်းဆန်နေကြခြင်းဖြစ်သည်။
ဤသည်မှာ လူနေထူထပ်သော ကျေးရွာများအတွင်း ယမ်းဂိုဒေါင်များ ထားရှိခြင်းကြောင့် အပြစ်မဲ့ပြည်သူများ မည်မျှအထိ နစ်နာဆုံးရှုံးရကြောင်းကို မီးမောင်းထိုးပြနေသည့် ပြည်သူလူထု၏ အသံပင်ဖြစ်သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ပြန်လည်ထူထောင်ရေး ကော်မတီဝင်တစ်ဦးက ယခုကဲ့သို့ အတည်ပြုပြောကြားခဲ့သည်။ "အစက သူတို့ကို အိမ်တပုံစံတည်းဖြစ်အောင် အိမ်ဆောက်ပေးမလို့။ ဒါပေမဲ့ တချို့ကလည်း ထရံအိမ်နဲ့ပဲကြိုက်တယ် သစ်သားအိမ်ပဲ ကြိုက်တယ် ပြောနေကြလို့။ ပိုက်ဆံပဲ အကုန်ပေးလိုက်တယ်။ သူတို့နေအိမ်ပေါ်ပဲ မူတည်ပြီး ပေးတာပေါ့။ နှစ်ထပ်တိုက်၊ သုံးထပ်တိုက်၊ ထရံအိမ်တို့ အဲလိုမျိုး ရှိတာကို အဲကြောင့် တစ်ယောက်နဲ့တစ်ယောက် မတူဘူးပေါ့။ တချို့လည်း သိန်းရှစ်ရာ၊ သိန်းငါးရာ အဲလိုပေါ့။ နည်းနည်းပျက်စီးတဲ့အိမ်ဆိုရင် သိန်း ၂၀ ပေါ့။ တချို့ကလည်း လက်မခံကြဘူး။ ပေးတဲ့ငွေက နည်းတယ်ဆိုပြီး မယူတဲ့သူလည်းရှိတယ်”
ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က ကောင်းတပ်ကျေးရွာရှိ တအာင်းတပ် (TNLA) ၏ ယမ်းဂိုဒေါင် ပေါက်ကွဲမှု အကြီးအကျယ်ဖြစ်ပွားခဲ့ခြင်းကြောင့် အပြစ်မဲ့ ဒေသခံ (၄၁) ဦး သေဆုံးပြီး (၁၅၄) ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ နေအိမ်စုစုပေါင်း (၆၈၀) ပျက်စီးဆုံးရှုံးခဲ့သည့်အနက် နေအိမ် (၄၀) ကျော်မှာ မီးလောင်ပြာကျခဲ့ရခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီအနေဖြင့် အလှူငွေ ကျပ်သိန်းပေါင်း (၂၂,၀၀၀) နှင့် တရုတ်ယွမ် (၂၂၈,၀၀၀) (မြန်မာငွေ ကျပ်သိန်း ၁,၅၀၀ ဝန်းကျင်) ရရှိထားသည့်အပြင်၊ TNLA ၏ စီးပွားရေးဌာနဘက်ကလည်း ငွေကျပ်သိန်းပေါင်း (၄၀,၀၀၀) လာရောက် ကူညီထောက်ပံ့ပေးထားပြီး၊ လက်ရှိအချိန်အထိလည်း ပြန်လည်ထူထောင်ရေးအတွက် အလှူရှင်များက ဆက်လက်လှူဒါန်းပေးနေကြောင်း သိရှိရသည်။



Comments