top of page
Logo-Icon.png

ကမ္ဘာ့ပထမဆုံးအနေဖြင့် လူတူစက်ရုပ်က ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့

ကယ်လီဖိုးနီးယား ၊ ဇူလိုင် ၁၁ ၊ Horizons


ရိုဘော့နည်းပညာနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍအတွက် ကြီးမားသော မှတ်တိုင်တစ်ခုအဖြစ် လူတူစက်ရုပ်က ခွဲစိတ်ကုသမှုကို ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။


ကယ်လီဖိုးနီးယား ဆန်ဒီယေဂိုတက္ကသိုလ် (UCSD) မှ ခွဲစိတ်ဆရာဝန်များနှင့် ပူးပေါင်း၍ လူတူစက်ရုပ်က သည်းခြေအိတ်ထုတ်ပယ်သည့် ခွဲစိတ်မှုတစ်ရပ်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဒုတိယအကြိမ် ခွဲစိတ်မှုတွင်မူ လူတူစက်ရုပ်နှစ်ရုပ်သည် ဘေးချင်းယှဉ်တွဲ၍ မှန်ပြောင်းကြည့်ကာ သည်းခြေအိတ်ထုတ်ခြင်း (Laparoscopic gallbladder removal) ခွဲစိတ်မှုကို ပြုလုပ်နိုင်ခဲ့သည်။


ယင်း အစမ်းခွဲစိတ်မှု နှစ်ရပ်စလုံးကို ဝက်၊ သိုး၊ ဆိတ်၊ ယုန်၊ ကြွက်၊ ခွေး စသည့် ပရိုင်းမိတ်မဟုတ်သော နို့တိုက်သတ္တဝါများ (Non-primate mammals) ပေါ်တွင် စမ်းသပ်အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ယခုသုတေသနစာတမ်းကို အဓိကရေးသားသူများထဲမှ တစ်ဦးဖြစ်သည့် UCSD လျှပ်စစ်နှင့် ကွန်ပျူတာအင်ဂျင်နီယာဌာနမှ သုတေသီ မိုက်ကယ်ရစ်ပ် က "ဒီ သုတေသနက ခွဲစိတ်ကုသမှုနယ်ပယ်မှာ လူတူစက်ရုပ်တွေကို သုံးဖို့ လက်တွေ့ဖြစ်နိုင်ခြေရှိတဲ့ အနာဂတ်တစ်ခု ရှိနေတယ်ဆိုတာကို ပြသနေပါတယ်။ အခြားနည်းလမ်းနဲ့ ခွဲစိတ်ကုသခွင့်ရဖို့ မလွယ်ကူတဲ့ လူနာတွေအတွက် အရေးကြီးတဲ့ ခွဲစိတ်မှုတွေကို အဝေးထိန်းစနစ်နဲ့ မောင်းနှင်တဲ့ ရိုဘော့စက်ရုပ်တွေ ဒါမှမဟုတ် အလိုအလျောက်စနစ်သုံး လူတူစက်ရုပ်တွေက လုပ်ဆောင်ပေးလာနိုင်တဲ့ အလားအလာတွေ ရှိနေပါတယ်။ ဒါဟာ အမေရိကန်ပြည်ထောင်စုတင်မကဘဲ တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကျပ်အတည်းကို ဖြေရှင်းရာမှာ ကူညီပေးနိုင်ပါလိမ့်မယ်" ဟု ပြောဆိုသည်။



သုတေသီများ၏ ပြောကြားချက်အရ လက်ရှိ အသုံးပြုနေသော အထူးပြု စက်ရုပ် ခွဲစိတ်မှုစနစ်များနှင့် နှိုင်းယှဉ်ပါက လူတူစက်ရုပ်များသည် ထုတ်လုပ်မှုစရိတ် ပိုမိုသက်သာခြင်း၊ ခွဲစိတ်မှုပုံစံများနှင့် လုပ်ငန်းတာဝန် အတိုင်းအတာအပိုင်းတွင် ပိုမိုစုံလင်ထူးချွန်ခြင်းနှင့် ဝေးလံခေါင်သီသော ဒေသများသို့ စေလွှတ်ရန် လွယ်ကူခြင်းစသည့် အားသာချက်များစွာ ရှိနေသည်။


သုတေသန ခွဲစိတ်မှုတွင် လူတူစက်ရုပ်ကို အဝေးမှ ထိန်းချုပ်မောင်းနှင်ခဲ့သူ UCSD ဆေးကျောင်း၏ ခွဲစိတ်ကုသမှုဆိုင်ရာ လက်ထောက်ပါမောက္ခ ဒေါက်တာ ရှန်လုံလျူကလည်း "ဒါက ကုန်ကျစရိတ်အပိုင်းမှာလည်း အနည်းငယ်ပဲ ရှိသလို ခွဲစိတ်ခန်းထဲမှာ နေရာယူမှုကလည်း အနည်းငယ်ပဲ ရှိပါတယ်။ လူတူစက်ရုပ်တွေကို ကျေးလက်ဒေသတွေ၊ စစ်မြေပြင်တွေကနေ အာကာသဟင်းလင်းပြင်အထိ ဘယ်နေရာမှာမဆို အလွယ်တကူ စေလွှတ်အသုံးပြုနိုင်ပါတယ်" ဟု ရှင်းပြသည်။


“ ဆာဂျီ ” (Surgie) ဟု အမည်ပြောင်ပေးထားသည့် အဆိုပါ လူတူစက်ရုပ်များကို လက်ရှိတွင် လေ့ကျင့်ထားသည့် ခွဲစိတ်ဆရာဝန်များက အဝေးမှ ထိန်းချုပ်မောင်းနှင်ခဲ့ခြင်း ဖြစ်သော်လည်း၊ ဉာဏ်ရည်တု (AI) နည်းပညာ တိုးတက်မှုများကြောင့် အနာဂတ်တွင် ၎င်းတို့ဘာသာ အလိုအလျောက် ခွဲစိတ်မှုများ ပြုလုပ်နိုင်လိမ့်မည်ဟု သုတေသီများက မျှော်လင့်ထားကြသည်။


( ကိုးကား - The Independent )


Comments


bottom of page