ကမ္ဘာ့ဖလား ခြေစမ်းပွဲတွင် နော်ဝေအသင်း နောက်မှလိုက်ကစားကာ မော်ရိုကိုနှင့် တစ်ဖက်တစ်ဂိုးစီ သရေကျ
- Horizons News

- Jun 8
- 1 min read
ဇွန် ၈ ၊ Horizons

အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ ဟယ်ရီဆင်မြို့တွင် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သော ကမ္ဘာ့ဖလား ခြေစမ်းပွဲစဉ်၌ နော်ဝေအသင်းခေါင်းဆောင် မာတင် အိုဒီဂတ်၏ ပွဲပြီးခါနီး ချေပဂိုးဖြင့် နော်ဝေအသင်းက မော်ရိုကိုအသင်းကို ၁-၁ ဂိုးဖြင့် သရေကျသွားခဲ့ကြောင်း သိရသည်။
လွန်ခဲ့သည့် လေးနှစ်က ကာတာကမ္ဘာ့ဖလားတွင် ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့သော အာဖရိကထိပ်သီး မော်ရိုကိုအသင်းသည် ပွဲအစ ၇ မိနစ်မှာပင် ဘရာဟင်မ် ဒီယက်ဇ်၏ ပင်နယ်တီဧရိယာထိပ်မှ ပြင်းထန်သော ကန်ချက်ဖြင့် ဦးဆောင်ဂိုးကို စတင်ရရှိခဲ့ခြင်းဖြစ်သည်။
ယခုသွင်းယူခဲ့သောဂိုးမှာ ပြီးခဲ့သည့် အာဖရိကနိုင်ငံများဖလား (AFCON) ပြိုင်ပွဲနောက်ပိုင်း မော်ရိုကိုအသင်းအတွက် ဒီယက်ဇ်၏ ပထမဆုံးသွင်းဂိုးလည်း ဖြစ်သည်။
မော်ရိုကိုအသင်းသည် ပွဲအစပိုင်းတွင် အသာစီးရယူနိုင်ခဲ့ပြီး ပွဲချိန် မိနစ် ၃၀ ခန့်တွင် ဒီယက်ဇ်၏ ဖြတ်တင်ဘောမှတစ်ဆင့် အဘ်ဒယ်ဆာမတ် အီဇာဇူလီ၏ လှည့်ကန်ချက် ဂိုးလွဲချော်ခဲ့သလို၊ ပွဲချိန် ၅၇ မိနစ်တွင်လည်း ဒီယက်ဇ်၏ ကန်ချက်ကို နော်ဝေဂိုးသမား အော်ဂျန် နိုင်လန်း ပုတ်ထုတ်နိုင်ခဲ့ပြီး ပြန်ထွက်လာသည့်ဘောလုံးကို နီးလ် အယ်လ်အေနာဝီ ခေါင်းတိုက်ရာတွင် ဘားကျော်သွားခဲ့သည်။
သို့သော်လည်း နော်ဝေအသင်းသည် ပူပြင်းသည့် ရာသီဥတုအခြေအနေကို အန်တုကာ ပွဲကစားချိန် နောက်ပိုင်းတွင် ဖိအားပေး ကစားနိုင်ခဲ့သည်။
ပွဲချိန် ၇၅ မိနစ်တွင် အော်စကာ ဘော့ဘ် ပင်နယ်တီဧရိယာအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ဖန်တီးပေးလိုက်သည့် ဘောလုံးကို အသင်းခေါင်းဆောင် အိုဒီဂတ်က ဘယ်ခြေဖြင့် သေချာစွာ ပိတ်သွင်းပြီး ချေပဂိုး ရယူပေးခဲ့သည်။
ပွဲပြီးဆုံးရန် ၉ မိနစ်အလိုတွင် ဂျူလီယန် ရိုင်ယာဆန်၏ ပြစ်ဒဏ်ပေးဘောမှတစ်ဆင့် ခရစ်ရှန် သော့စ်ဗက် ခေါင်းတိုက်ပိတ်သွင်းခဲ့သော်လည်း ကပ်လွဲသွားခဲ့သဖြင့် နော်ဝေအသင်း အနိုင်ဂိုးနှင့် လွဲချော်ခဲ့ရပြီး မော်ရိုကိုအသင်းက နောက်ပိုင်းတွင် ခံစစ်ကို အသေအချာပိတ်ဆို့ ကစားသွားခဲ့သည်။
ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မော်ရိုကိုအသင်းသည် အုပ်စု (C) ၏ အဖွင့်ပွဲစဉ်အဖြစ် လာမည့် စနေနေ့တွင် နယူးယောက်မြို့၌ တောင်အမေရိကအင်အားကြီး ဘရာဇီးလ်အသင်းနှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အလားတူ နော်ဝေအသင်းကမူ အုပ်စု (I) ၏ အဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၁၆ ရက်နေ့တွင် ဘော့စတွန်မြို့၌ အီရတ်အသင်းနှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကိုးကား - CNA



Comments