ကမ္ဘာ့ဖလား အကြိတ်အနယ်ပွဲစဉ်တွင် ခရိုအေးရှားကို ကျော်ဖြတ်ကာ ပေါ်တူဂီအသင်း အနိုင်ရရှိခဲ့ပြီး ရာမို့စ် သူရဲကောင်းဖြစ်လာ
- Horizons News

- Jul 3
- 1 min read
တိုရွန်တို ၊ ဇူလိုင် ၃ ၊ Horizons

ကနေဒါနိုင်ငံ၊ တိုရွန်တိုကွင်း တွင် ဇူလိုင်လ ၂ ရက်နေ့ ဒေသစံတော်ချိန် ည ၇ နာရီက ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလား ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွင် ပေါ်တူဂီအသင်းက ခရိုအေးရှားအသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနေရာမှ နောက်ကလိုက်ကာ အကြိတ်အနယ် အနိုင်ရရှိသွားခဲ့သည်။
ပွဲအစ ၄ မိနစ်တွင်ပင် ပေါ်တူဂီတိုက်စစ်မှူး ရာဖေးလ် လီယာအို ၏ ဖြတ်တင်ပေးပို့မှုမှတစ်ဆင့် ဘရူနို ဖာနန်ဒက်စ် ကန်သွင်းခွင့်ရခဲ့သော်လည်း ခရိုအေးရှားဂိုးသမား လီဗာကိုဗစ်နှင့် နောက်ခံလူ ဆူတာလိုတို့ ကာကွယ်နိုင်ခဲ့သည်။
ထို့အတူ တောင်ပံကစားသမား ပက်ဒရို နီတို၏ ဖြတ်တင်ဘောများကလည်း ခရိုအေးရှားခံစစ်ကို အစဉ်မပြတ် ခြိမ်းခြောက်နိုင်ခဲ့သည်။ သို့သော်လည်း ဦးဆောင်ဂိုးကို ဒုတိယပိုင်းစတင်ပြီး မကြာမီ ပွဲချိန် ၅၃ မိနစ်တွင် ညာတောင်ပံမှ နီကိုလာ ဗလာစစ်နှင့် စတန်နီဆစ်တို့၏ တွဲလုံးမှတစ်ဆင့် စတန်နီဆစ် ဖြတ်တင်ပေးလိုက်သော ဘောလုံးကို အိုင်ဗန် ပယ်ရီဆစ် က အဝေးတိုင်မှ သေချာစွာ ပိတ်သွင်းကာ ခရိုအေးရှားအသင်းအတွက် စတင်ရယူပေးခဲ့သည်။
ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ပေါ်တူဂီအသင်း တိုက်စစ်ပိုမိုမြှင့်တင်လာခဲ့ပြီး ၆၈ မိနစ်တွင် ထောင့်ကန်ဘောမှတစ်ဆင့် ဗလာစစ်က ပေါ်တူဂီကစားသမား ရီနာတို ဗီဂါကို ပြစ်ဒဏ်ကျူးလွန်ခဲ့သဖြင့် VAR ပြန်လည်စစ်ဆေးပြီးနောက် ပေါ်တူဂီအသင်း ပင်နယ်တီ ရရှိခဲ့သည်။
ယင်းပင်နယ်တီကို အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒို က အမှားအယွင်းမရှိ ကန်သွင်းကာ ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ၎င်း၏ (၁၁) ဂိုးမြောက် သွင်းဂိုးအဖြစ် မှတ်တမ်းတင်ရင်း ချေပဂိုးရယူနိုင်ခဲ့သည်။
သရေကျနေချိန်တွင် နှစ်သင်းစလုံး အပြန်အလှန် တိုက်စစ်ဆင်ခဲ့ကြပြီး ပွဲချိန် ၉၄ မိနစ် (၉၀+၄) တွင် လီယာအို ဖြတ်တင်ပေးလိုက်သော ဘောလုံးကို ဂွန်ကာလို ရာမို့စ် က အမြင့်ခုန်ကာ ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး ပေါ်တူဂီအသင်းအတွက် နောက်ကျ အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။
ပွဲပြီးခါနီးတွင် ခရိုအေးရှားဘက်မှ နောက်ဆုံးမျှော်လင့်ချက်အဖြစ် ဂဗာဒီယိုက ပိတ်သွင်းခဲ့သော်လည်း VAR ပြန်လည်စစ်ဆေးရာတွင် ဖန်တီးပေးသူ ပါဆာလစ် လူကျွံနေသဖြင့် ဒိုင်လူကြီးက ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ခြင်း မရှိပေ။
ဤအဖိုးတန်နိုင်ပွဲကြောင့် နည်းပြ ရောဘတ်တို မာတီနက်ဇ် ကိုင်တွယ်နေသည့် ပေါ်တူဂီအသင်းသည် လာမည့် ဇူလိုင်လ ၆ ရက်နေ့ ဒါးလက်စ်မြို့ တွင် ကစားမည့် ၁၆ သင်းအဆင့် ပွဲစဉ်အဖြစ် စပိန်အသင်းနှင့် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။



Comments