ချဲလ်ဆီးနှင့် မန်ယူတို့ နိုင်ပွဲကိုယ်စီဖြင့် ပြန်လာနိုင်ခဲ့
- Horizons News

- 6 hours ago
- 1 min read
ဩဂုတ် ၃၁ ၊ Horizons

၂၀၂၆-၂၇ ပရီးမီးယားလိဂ် ရာသီ ဒုတိယပတ် ပွဲစဉ်များကို ယမန်နေ့ညက ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ကြရာတွင် အသင်းကြီးဖြစ်ကြသည့် ချဲလ်ဆီးနှင့် မန်ချက်စတာယူနိုက်တက်တို့က နိုင်ပွဲကိုယ်စီ ဖော်ဆောင်နိုင်ခဲ့ကြပြီး ဆန်းဒါးလန်းအသင်းကလည်း ရာသီအစ ပထမဆုံး အနိုင်သုံးမှတ်ကို ရယူသွားနိုင်ခဲ့သည်။
ချဲလ်ဆီးနှင့် ဘရိုက်တန်တို့ ပွဲတွင် ဂိုးတွေ အပြန်အလှန် ထွက်ပေါ်ခဲ့ပြီး အိမ်ရှင် ချဲလ်ဆီးတို့ (၄-၃) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပွဲအစပိုင်းတွင် ရိုမီယို လာဗီယာ၊ ပက်ဒရို နီတိုနှင့် ဂျိုအို ပက်ဒရိုတို့၏ သွင်းဂိုးများဖြင့် ချဲလ်ဆီးက (၃-၀) ဂိုးဖြင့် အပြတ်အစုံ ဦးဆောင်နိုင်ခဲ့သည်။
သို့သော် ဘရိုက်တန်ဘက်မှ မာလစ် ယာကူယေး၏ သွင်းဂိုးအပြင် ဂျိုအို ပက်ဒရို ကိုယ်တိုင်သွင်းမိသည့် ကိုယ့်ဂိုးကိုယ် သွင်းမိခြင်း (Own goal) တို့ဖြင့် ချေပနိုင်ခဲ့ကာ ချဲလ်ဆီးတို့ အကြပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသည်။
ပွဲပြီးခါနီး မိနစ်ပိုင်းအလိုမှသာ ကိုယ် ပယ်မာက အနိုင်ဂိုးကို ထပ်မံ သွင်းယူပေးခဲ့ခြင်းကြောင့် ချဲလ်ဆီးတို့ ကပ်၍ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ တိုက်စစ်ပိုင်း အားကောင်းသော်လည်း (၃) ဂိုးအထိ ပြန်ပေးခဲ့ရခြင်းက ချဲလ်ဆီးတို့၏ ခံစစ်ပိုင်း ပြင်ဆင်စရာများ ရှိနေသေးကြောင်း ပေါ်လွင်စေခဲ့သည်။
မန်ချက်စတာယူနိုက်တက်ကလည်း အစ်ပ်ဝစ်ချ်တောင်းကို အိမ်ကွင်းတွင် (၅-၂) ဂိုးဖြင့် အပြတ်အသတ် အနိုင်ယူကာ အဖွင့်ပွဲ အရှုံးအတွက် ချက်ချင်း ပြန်လည် တုံ့ပြန်နိုင်ခဲ့သည်။
အစ်ပ်ဝစ်ချ်၏ ကစားသမား လိတ်ဖ် ဒီဗစ်၏ ဦးဆောင်ဂိုးကြောင့် ယူနိုက်တက်တို့ အရင် ဦးကျသွားခဲ့သော်လည်း အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်၏ ဟက်ထရစ် (Hat-trick) သွင်းဂိုးများအပြင် အမ်ဘူမို ၏ သွင်းဂိုးနှင့် ဂျေကော့ ၏ ကိုယ့်ဂိုးကိုယ်ပါဝင်မှုတို့ကြောင့် ယူနိုက်တက်တို့ ကြီးမားသည့် အနိုင်ပွဲကိုပိုင်ဆိုင်ခဲ့ကြသည်။ သို့သော် ပထမပိုင်းတွင် ဦးဆောင်ဂိုးပေးလိုက်ရခြင်းက ယူနိုက်တက် ခံစစ်ပိုင်း အားနည်းချက်ကို ဆက်လက် ထင်ဟပ်နေဆဲ ဖြစ်သည်။
အခြားသော ပွဲစဉ်များတွင် လိဒ်ယူနိုက်တက်နှင့် ဘရန့်ဖို့ဒ်တို့ ပွဲတွင် (၁-၁) ဂိုးစီဖြင့် သရေကျခဲ့သည်။ ဘရန့်ဖို့ဒ်အတွက် ကီဗင် ရှိတ်ဒ်က ပထမပိုင်းတွင် အဖွင့်ဂိုး သွင်းယူပေးခဲ့သော်လည်း လိဒ်နည်းပြ ဒါနီယယ် ဖာကေး၏ ဒုတိယပိုင်း နည်းဗျူဟာ အပြောင်းအလဲကြောင့် ကဲလ်ဗတ်-လူးဝစ်က ချေပဂိုး ပြန်လည် သွင်းယူပေးနိုင်ခဲ့သည်။
ထို့အတူ ဆန်းဒါးလန်းအသင်းကလည်း ဖူလ်ဟမ်ကို (၁-၀) ဂိုးဖြင့် ကျဉ်းမြောင်းသော ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။ ပွဲပြီးခါနီး နာကျင်အချိန်ပို အရောက်မှ ဟာဘစ် ဒီယာရာ၏ ဖန်တီးပေးမှုကို ဝီလ်ဆင် က အနိုင်ဂိုးအဖြစ် ပြောင်းလဲပေးခဲ့ခြင်းကြောင့် ဆန်းဒါးလန်းတို့ ရာသီအစ ပထမဆုံး အောင်ပွဲကို အိမ်ကွင်းတွင် ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့ညက ယှဉ်ပြိုင်သွားခဲ့သည့် ပွဲစဉ်ရလဒ်များအရ အသင်းကြီးများအနေဖြင့် အခက်အခဲများ ရှိခဲ့သော်လည်း အနိုင်ရလဒ်များကို ရှာဖွေနိုင်ခဲ့ကြပြီး၊ ပရီးမီးယားလိဂ် ပြိုင်ပွဲကြီး၏ ရုန်းကန်ရမှုနှင့် အပြိုင်အဆိုင် ပြင်းထန်မှုတို့မှာ မည်မျှ အားကောင်းနေဆဲ ဖြစ်ကြောင်းကို ထပ်မံ သက်သေပြနေပေသည်။
(Photo - Premier League)



Comments