ဂန့်ဂေါတွင် KKG တပ်ရင်း (၆) ဥက္ကဋ္ဌနှင့် ရဲဘော်၊ စစ်ရှောင်ပြည်သူတစ်ဦး အပါအဝင် (၃) ဦး ပစ်ခတ်သတ်ဖြတ်ခံရ
ဂန့်ဂေါ ၊ ဩဂုတ် ၁၃ ၊ Horizons

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် KKG တပ်ရင်း (၆) ဥက္ကဋ္ဌ ဘဖြိုး၊ ရဲဘော် မဲကြီးနှင့် စစ်ရှောင်ပြည်သူ အမျိုးသားတစ်ဦး စုစုပေါင်း (၃) ဦးသည် ဩဂုတ်လ (၁၂) ရက် ညပိုင်းက ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက Horizons သို့ အတိပြုပြောကြားသည်။
အဆိုပါဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၁၂) ရက် ည (၁၁) နာရီဝန်းကျင်တွင် ပိတောက်ကုန်းနှင့် ရှုံးရှီကျေးရွာကြားရှိ ရာဇမုနိဘုန်းကြီးကျောင်းကုန်းအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မတိုင်မီ နေ့လယ်ပိုင်းတွင် Black Dragon Force ဟုဆိုသည့် အဖွဲ့သည် KKG တပ်ရင်း (၆) လှုပ်ရှားရာ မကျည်းခင်ကျေးရွာသို့ လက်နက်များ ကိုင်ဆောင်ကာ စည်းရုံးရေးနှင့် ဟောပြောပွဲ ပြုလုပ်ရန် ရောက်ရှိလာခဲ့ရာမှ စတင်ခဲ့သည်ဟု သိရသည်။
ယင်းကဲ့သို့ လက်နက်များ ကိုင်ဆောင်၍ ကျေးရွာအတွင်း ဝင်ရောက်လာခြင်းကြောင့် ဒေသခံများက စိုးရိမ်ထိတ်လန့်ခဲ့ကြပြီး၊ နောက်နောင်တွင် လက်နက်နှင့် ယူနီဖောင်းများဖြင့် ထပ်မံမလာရန်နှင့် လာရောက်မည်ဆိုပါက ကြိုတင်အကြောင်းကြားရန် ပြောဆိုခဲ့ကြသည်။
ထို့နောက် KKG တပ်ရင်း (၆) ဥက္ကဋ္ဌ ဘဖြိုးက ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ရာ နှစ်ဖက်အကြား စကားအခြေအတင် ဖြစ်ပွားခဲ့ပြီး ညပိုင်းတွင် တွေ့ဆုံရန် ချိန်းဆိုမှု ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောပါသည်။
ထိုသို့ ချိန်းဆိုထားသည့်အတိုင်း ည (၁၁) နာရီခန့်တွင် ရှုံးရှီနှင့် ပိတောက်ကုန်းကြားရှိ ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ကြရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခြင်းမဟုတ်ဘဲ တစ်ဖက်က ကြိုတင်စောင့်ဆိုင်း၍ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။
“KKG ဥက္ကဋ္ဌကလည်း ရွာမှာ ရှိမနေဘူး။ အဲဒါ သူက တခြားနေရာကို သွားနေတာ ထင်တယ်။ ရွာပြန်ရောက်တော့ ရွာကလူတွေက သူ့ကို ပြောကြတာပေါ့။
ဒီလို လာတယ်၊ ထူးခြားလှုပ်ရှားမှုတွေ ဟောပြောပွဲ လာတယ်၊ လက်နက်တွေ သေနတ်တွေ ပါတော့ ရွာထဲကို လက်နက်တွေနဲ့ ဝင်ရင် အဆင်မပြေဘူး။ မြို့နယ်နဲ့ နီးနေတော့ စစ်ခွေးတွေ မြင်ရင် ရွာကို ဗုံးကြဲမယ်၊ လက်နက်ကြီး ထုမယ် ဆိုတော့ အဆင်မပြေဘူး။
လာတာက လာလို့ရတယ်၊ လက်နက်နဲ့ လာတာ မကောင်းဘူး၊ ဝတ်စုံတွေနဲ့ လာတာ မကောင်းဘူး ပြောတော့ အခု KKG ဥက္ကဋ္ဌ ကနေ ဖုန်းဆက်ပြီးမှ ပြောတယ်။ နောက်တစ်ခါ လာရင် ကြိုတင် အကြောင်းကြားဖို့နဲ့ အခုလို လာတာ အဆင်မပြေကြောင်း ပြောတော့ အချေအတင် စကားများကြတာပေါ့။ အဲဒါ များရင်းနဲ့ ညအထိ ချိန်းတယ်လို့ ပြောတယ်ဗျ၊ အခု ဖြစ်စဉ်ဖြစ်ပွားတဲ့ နေရာပေါ့။
ရှုံးရှီနဲ့ ပိတောက်ကုန်းရွာကြားကို ချိန်းတော့ သွားကြတယ်။ သွားတော့ (၁၁) နာရီလောက်မှ သွားတာပေါ့၊ အခင်းဖြစ်တာ (၁၁) နာရီကျော်ကျော်မှာ ဖြစ်တယ်ဆိုတော့ အဲဒီမှာ ဟိုက စောင့်ပြီးမှ ပစ်လိုက်တော့တာ၊ အပြန်အလှန် ပစ်ကြတာမဟုတ်ဘဲနဲ့” ဟု ဒေသတွင်း သတင်းရင်းမြစ်က Horizons သို့ ပြောပြသည်။
သေဆုံးသူ (၃) ဦးအနက် စစ်ရှောင်ပြည်သူ အမျိုးသားမှာ ဂန့်ဂေါမြို့ပေါ်မှ ထွက်ပြေးတိမ်းရှောင်လာပြီး မကျည်းခင်ကျေးရွာတွင် အချိန်အတော်ကြာ လာရောက်ခိုလှုံနေသူဖြစ်ကြောင်း သိရပြီး ၎င်း၏ အမည်ကိုမူ လက်ရှိအချိန်အထိ အတည်ပြုနိုင်ခြင်းမရှိသေးပါ။
ယခုဖြစ်စဉ်တွင် ပါဝင်သည်ဟု စွပ်စွဲခံရသည့် အဖွဲ့၏ ခေါင်းဆောင်တစ်ဦးသည် ယခင်က KKG တပ်ရင်း (၆) နှင့် ဂန့်ဂေါခရိုင်အတွင်းရှိ တပ်ရင်းများတွင် တာဝန်ထမ်းဆောင်ဖူးသူဖြစ်ကြောင်းလည်း သတင်းရင်းမြစ်က ဆက်လက်ပြောဆိုထားသည်။
(ရေးသားသူ - ကိုထိုက် )
Horizons News မှ တင်ဆက်သော သတင်းများကို အောက်ပါ Horizons News ၏ Website နှင့် Social Media များတွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Website - www.thehorizonsnews.com
You Tube - https://www.youtube.com/@thehorizonsnews
Telegram - https://t.me/thehorizonsnew




Comments