စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်ဖြစ်သော Keen Beer နှင့် Mandalay Rum တို့ကို ရန်ကုန် ၁၉ လမ်းအထိ ဈေးကွက်ချဲ့ထွင်လာမှုအပေါ် တော်လှန်ရေးအင်အားစုများ ပြင်းထန်စွာ သတိပေး
- Horizons News

- Jun 12
- 1 min read
ရန်ကုန်၊ ဇွန် ၁၂ ၊ Horizons

အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့၏ အဓိက ဝင်ငွေရလမ်းဖြစ်သော အရက်နှင့် ဘီယာထုတ်ကုန်များကို အမည်သစ်၊ ထုပ်ပိုးမှုအသစ်များ အသုံးပြုကာ လူစည်ကားရာ ညဈေးတန်းများနှင့် အထင်ကရနေရာများသို့ စနစ်တကျ ဈေးကွက်ချဲ့ထွင်လျက်ရှိသည်။
ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ အထင်ကရ ညပိုင်းအပန်းဖြေရာနေရာဖြစ်သော ၁၉ လမ်း (China Town) ကို ညဈေးအဖြစ် ပြန်လည်မွန်းမံဖွင့်လှစ်ခဲ့ပြီးနောက် အဆိုပါလမ်း၏ ဝင်ပေါက်ဆိုင်းဘုတ်တွင် စစ်တပ်ထုတ်ကုန်သစ်ဖြစ်သည့် "Keen Beer" အမှတ်တံဆိပ်ကို အကြီးအကျယ် တပ်ဆင်ကာ ဈေးကွက်ထိုးဖောက်လာကြောင်း တွေ့ရှိရသည်။
ထို့အပြင် ပြည်သူလူထု၏ သပိတ်မှောက်မှုကြောင့် ဈေးကွက်ပျောက်ဆုံးနေသော Mandalay Rum သည်လည်း လမ်းအတွင်းရှိ ဘားများနှင့် စားသောက်ဆိုင်များတွင် 3 Years၊ 5 Years နှင့် Coffee Liqueur Shot များအတွက် မြေပြင်ပရိုမိုးရှင်း (Promotion) များကို ဆက်တိုက် ပြုလုပ်လျက်ရှိသည်။
ဈေးကွက်အတွင်းသို့ အမည်သစ်ဖြင့် ဝင်ရောက်လာသော Keen Beer သည် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် Super Six International ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်ထားခြင်းဖြစ်ပြီး Victory Myanmar Group မှ ထုတ်လုပ်သည့် Mandalay Rum သည်လည်း စစ်တပ်ယန္တရား လည်ပတ်ရေးအတွက် အဓိက ထောက်ပံ့ပေးနေသော စီးပွားရေးထောက်တိုင်တစ်ခုဖြစ်သည်။
ယင်းထုတ်ကုန်များ၏ ပရိုမိုးရှင်းအစီအစဉ်များတွင် ပွင့်လင်းမြင်သာမှုမရှိဘဲ ကံစမ်းမဲများကို အတွင်းလူအချင်းချင်း မသမာသောနည်းလမ်းဖြင့် ခွဲဝေယူခြင်းနှင့် တာဝန်ရှိသူအချို့က ကုမ္ပဏီဘတ်ဂျက်များကို အလွဲသုံးစားလုပ်ကာ သောက်စားပျော်ပါးနေမှုများ ရှိနေကြောင်း မြေပြင်သတင်းရင်းမြစ်များက ထုတ်ဖော်ပြောဆိုထားသည်။
စစ်ကောင်စီ၏ ထုတ်ကုန်များက ဖျော်ဖြေရေးနှင့် ပွဲလမ်းသဘင်အသွင်ယူကာ ဈေးကွက်အတွင်း အတင်းအကျပ် ထိုးဖောက်လာနေမှုအပေါ် ပြတ်ပြတ်သားသား ဆက်လက်သပိတ်မှောက်ကြရန် တော်လှန်ရေးအင်အားစုများက အလေးအနက် တိုက်တွန်းထားသည်။
စစ်အုပ်စုထံ စီးဝင်သွားသော ငွေတစ်ကျပ်သည် ပြည်သူကိုသတ်မည့် ကျည်ဆန်တစ်တောင့် ဖြစ်သွားနိုင်သဖြင့် စစ်တပ်ပိုင် ထုတ်ကုန်များအတွက် အလုပ်အကျွေးပြုနေကြသော အနုပညာရှင်များ၊ Influencer များ၊ Marketing အဖွဲ့များနှင့် ဆိုင်ရှင်များအနေဖြင့် ပြည်သူ့ဘက်မှ ရပ်တည်ပေးကြရန်နှင့် ပြည်သူလူထုအနေဖြင့်လည်း Keen Beer နှင့် Mandalay Rum အပါအဝင် စစ်တပ်ယန္တရားကို အသက်ဆက်ပေးနေသည့် ထုတ်ကုန်အားလုံးကို ဝေးဝေးမှရှောင်ကြဉ်ကြရန် နှိုးဆော်ထားကြောင်း သိရသည်။



Comments