စစ်တွေက စစ်ဘေးရှောင်တွေကို ငွေ ၅ သိန်းနဲ့ ရိက္ခာပြပြီး စစ်ကောင်စီ က စစ်မှုထမ်းဖို့ စည်းရုံးနေ
- Horizons News

- 2 hours ago
- 1 min read
ရခိုင် ၊ ဇွန် ၁၂ ၊ Horizons

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေရသည့် ဒုက္ခသည်များကို စစ်ကောင်စီက ငွေကြေးနှင့် ရိက္ခာမက်လုံးပေးကာ စစ်တပ်ထဲဝင်ရန် စည်းရုံးမှုတွေ ပြုလုပ် နေကြောင်း စစ်ဘေးရှောင်ပြည်သူများထံမှ သိရသည်။
စစ်အုပ်စုထိန်းချုပ်ထားဆဲဖြစ်သည့် စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် လာရောက်ခိုလှုံနေကြသော စစ်ဘေးရှောင်ပြည်သူများကို စစ်ကောင်စီအရာရှိများက ဇွန်လပထမပတ်အတွင်း သွားရောက်တွေ့ဆုံခဲ့သည်။ စစ်တပ်ထဲဝင်ပါက တစ်ဦးလျှင် ငွေကျပ် ၅ သိန်းနှင့် ရိက္ခာများ ထောက်ပံ့ပေးမည်ဟုဆိုကာ စစ်သားစုဆောင်းရေးအတွက် ဆွယ်တရားဟောခဲ့ကြောင်း သိရသည်။
စစ်တွေမြို့ ဝင်္ကဘာကွင်းအနီး ဆင်နှစ်ကောင်ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရသည့် စစ်ဘေးရှောင်တစ်ဦးက "ဇွန်လ ၂ ရက်နေ့က လာစည်းရုံးတာ။ စစ်ရှောင်တွေ အခက်အခဲဖြစ်နေတာကို အခွင့်ကောင်းယူပြီး လာဆွယ်တာပါ။ စစ်ပွဲတွေပြင်းထန်နေချိန်မှာ ငတ်ရင်ငတ်ပါစေ၊ အချင်းချင်း ပြန်တိုက်ရမယ့်အလုပ်မို့ ကျွန်တော်တို့ကတော့ မလုပ်နိုင်ဘူး" ဟု ပြောကြားခဲ့သည်။
လက်ရှိတွင် စစ်တွေမြို့သည် လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ခံထားရသဖြင့် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်ကာ စားဝတ်နေရေး ကျပ်တည်းလျက်ရှိသည်။ စစ်ကောင်စီသည် အဆိုပါစစ်ဘေးရှောင်များကို မြို့တွင်းသို့ အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းခဲ့ပြီးနောက် ယခုအခါ စစ်ရေးအတွက် ပြန်လည်အသုံးချရန် ကြံစည်နေခြင်း ဖြစ်သည်။
အမည်မဖော်လိုတဲ့ ဆရာတော်တစ်ပါးက “တချို့ပြည်သူတွေက ငတ်မွတ်နေကြတာတောင် ရှိတယ်။ မိသားစုအတွက် အဲဒီကို ဝင်သွားကြတာလည်း ရှိတယ်။ စစ်ဘေးရှောင်တွေဆိုရင်လည်း အကူအညီက မလောက်ငှကြရတာ၊ နေစရာတောင် သေချာမရှိဘူး။ အဲဒီတော့ ဒီလူတွေက ငွေမက်ပြီး ဝင်ကြမလားပေါ့။ တချို့တွေ စားဝတ်နေရေးအတွက် စစ်တပ်ထဲ ဝင်သွားတာလည်း ရှိကောင်းရှိနိုင်တယ်” လို့မိန့်ကြားထားပါတယ်။
လက်ရှိတွင် စစ်တွေနှင့် ပုဏ္ဏားကျွန်းအစပ်၌ စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး၊ စစ်ကောင်စီဘက်က မြို့တွင်းစစ်ရေးပြင်ဆင်မှုများနှင့်အတူ ရေတပ်အင်အား၊ လူအင်အားများကို စဉ်ဆက်မပြတ် ဖြည့်တင်းနေကြောင်း သိရသည်။



Comments