top of page
Logo-Icon.png

နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးသူ ၈,၀၀၀ ကျော်ရှိလာကြောင်း AAPP ထုတ်ပြန်၊ ငါန်းဇွန်တွင် ဒရုန်းဖြင့် ဗုံးကြဲခံရမှုကြောင့် မိသားစု ၃ ဦး သေဆုံး

ဇွန် ၁၂ ၊ Horizons



နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ နောက်ဆုံးထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်မှစတင်၍ ယခု ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် အပြစ်မဲ့ပြည်သူများနှင့် ဒီမိုကရေစီလှုပ်ရှားသူ အရေအတွက်မှာ စုစုပေါင်း ၈,၀၉၃ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။


ထို့အပြင် နိုင်ငံတစ်ဝန်း ဖမ်းဆီးခံရသူ စုစုပေါင်း ၃၁,၁၅၁ ဦးရှိပြီး ယင်းတို့အနက် အတည်ပြုပြီး ထိန်းသိမ်းခံနေရဆဲ ၁၄,၃၀၆ ဦးနှင့် အတည်ပြုရန် လိုအပ်နေဆဲ ၇,၈၇၆ ဦး အသီးသီး ရှိနေသေးသည်။ 


အဆိုပါ ကိန်းဂဏန်းများသည် AAPP မှ လက်လှမ်းမီသမျှ အတည်ပြုကောက်ယူထားခြင်းသာဖြစ်ပြီး မြေပြင်အခြေအနေတွင် ယခုထက် ပိုမိုများပြားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးဖော်ပြထားသည်။


မန္တလေးတိုင်းဒေသကြီးအတွင်း အရပ်သားသေဆုံးမှု အခြေအနေများကို ကြည့်လျှင်လည်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၁၁ ရက်နေ့အထိ ကာလအတွင်း စစ်အုပ်စုကြောင့် အမျိုးသမီး ၈ ဦးနှင့် အမျိုးသား ၁၀ ဦး စုစုပေါင်း ၁၈ ဦး သေဆုံးခဲ့ရကာ ၎င်းတို့အထဲတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၄ ဦးအထိ ပါဝင်နေသည်။


အဆိုပါ သေဆုံးသူ ၁၈ ဦးအနက် ၁၅ ဦးမှာ အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ 


ပြီးခဲ့သည့် မေလ ၇ ရက်နေ့ နံနက်ပိုင်းကလည်း မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ မင်းဂျိုကျေးရွာနှင့် တောင်လယ်တောကျေးရွာများသို့ အင်အား ၁၅၀ ခန့်ရှိသော စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့တို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည်။ 


ထိုသို့ စစ်ကြောင်းထိုးစဉ်အတွင်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံပြည်သူများကို အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် တောင်လယ်တောကျေးရွာမှ မိသားစုဝင် ၃ ဦးဖြစ်သော ဦးပြေသောင်း၊ ၎င်း၏ဇနီး ဒေါ်ကြည်ရွှေနှင့် သားဖြစ်သူ ကိုလင်းဆန်းဦးတို့မှာ ဗုံးစထိမှန်ကာ အခင်းဖြစ်ပွားရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

Comments


bottom of page