top of page
Logo-Icon.png

စစ်တပ်နှင့် TNLA အဖွဲ့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

Jul 19
1 min read

Updated: Jul 21



နေပြည်တော် ၊ ဇူလိုင် ၁၉ ၊ Horizons



စစ်တပ်နှင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ယနေ့ (ဇူလိုင်လ ၁၉ ရက်) တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ တွေ့ဆုံပွဲသို့ TNLA ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး တာဂျုတ်ဂျား ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပြောကြားသည်။


“ဒီကနေ့မှာ ကျွန်မတို့ခေါင်းဆောင် တာဂျုတ်ဂျားဦးဆောင်တဲ့အဖွဲ့က နေပြည်တော်မှာ စစ်ကောင်စီနဲ့ တွေ့ဆုံတာဖြစ်တယ်။ 


လောလောဆယ်ကတော့ ဒီနေ့ တစ်ရက် ပြီးသွားပြီဖြစ်တယ်။ ဆွေးနွေးတဲ့ အကြောင်းအရာကိုတော့ မသိရသေးဘူး။ ဒီကိုယ်စားလှယ်တွေ ပြန်ရောက်မှပဲ ဘာတွေ ဆွေးနွေးသွားလဲ၊ ဘာတွေ သဘောတူနိုင်သွားလဲ ဆိုတာကို သိရမှာဖြစ်ပါတယ်”


ဟု ၎င်းက ဆိုသည်။ တွေ့ဆုံဆွေးနွေးမှုကို ရက်မည်မျှကြာ ပြုလုပ်မည်ကိုမူ အတိအကျ မသိရသေးပေ။


ယခုတွေ့ဆုံမှုသည် ပြီးခဲ့သည့် ဧပြီလ (၁၅) ရက်နေ့က စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားအသွင်ပြောင်း အစိုးရသစ်ထံသို့ TNLA က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။


စစ်ခေါင်းဆောင်သည် သမ္မတရာထူး ရယူပြီးနောက် ဧပြီလ (၂၀) ရက်နေ့က ပြုလုပ်သော အစည်းအဝေးတွင် အပစ်ရပ် လက်မှတ်ထိုးထားသည့် အဖွဲ့များသာမက လက်မှတ်မထိုးရသေးသော အဖွဲ့များကိုပါ ဇူလိုင်လ (၃၁) ရက်နေ့ နောက်ဆုံးထား၍ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။


 စစ်တပ်အနေဖြင့် တရုတ်နယ်စပ်အခြေစိုက် ဝ (UWSA)၊ မိုင်းလား (NDAA)၊ SSPP နှင့် NCA လက်မှတ်ထိုးထားသည့် အဖွဲ့များကိုလည်း တွေ့ဆုံဆွေးနွေးလျက်ရှိသည်။


၁၀၂၇ စစ်ဆင်ရေးကာလအတွင်း TNLA သည် မြို့ပေါင်း (၁၂) မြို့အထိ သိမ်းပိုက်ရရှိခဲ့သော်လည်း ၂၀၂၅ ခုနှစ်အတွင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့် မိုးကုတ်မြို့များကို စစ်တပ်ထံ ပြန်လည်လက်လွှတ်ခဲ့ရသည်။ 


ထို့ပြင် ယခုနှစ် မတ်လတွင် ကွတ်ခိုင်မြို့ကို MNDAA တပ်က သိမ်းပိုက်ရယူခဲ့သဖြင့် TNLA အနေဖြင့် မြို့ (၆) မြို့ လက်လွှတ်ခဲ့ရပြီး လက်ရှိတွင် နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ စသည့် မြို့ (၆) မြို့ကိုသာ ဆက်လက်ထိန်းချုပ်ထားနိုင်သည်။


တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဟိုဂင်သဘောတူညီချက်မှတစ်ဆင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် စစ်တပ်နှင့် TNLA အကြား အပစ်ရပ်သဘောတူညီချက် လက်မှတ်ထိုးနိုင်ခဲ့ကြောင်း TNLA ၏ ဧပြီ (၁၅) ရက်နေ့ သဝဏ်လွှာတွင် ဖော်ပြထားသည်။


TNLA အနေဖြင့် သမ္မတ ဦးမင်းအောင်လှိုင်၏ အစိုးရသစ်နှင့် အပစ်ရပ် ကတိကဝတ်များ ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းရန် မျှော်လင့်ကြောင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီက ထုတ်ပြန်ထားသည်။


လက်ရှိတွင် တရုတ်အစိုးရက မြန်မာစစ်အစိုးရ၏ ရက် (၁၀၀) အတွင်း ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုတွင် ပါဝင်ရန် MNDAA အပါအဝင် TNLA၊ UWSA၊ NDAA နှင့် KIA စသည့် နယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့များကို တိုက်တွန်းဖိအားပေးမှုများ ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။


#TNLA #စစ်ကောင်စီ #နေပြည်တော် #ငြိမ်းချမ်းရေးဆွေးနွေးပွဲ # #HorizonsNews

Comments


bottom of page