top of page
Logo-Icon.png

စစ်တပ်အင်အားလျော့နည်းစေရန် ပြည်ပမှ သွေးထိုးလှုံ့ဆော်နေပြီး ထားဝယ်ရေနက်စီမံကိန်းနှင့် ပြည်ထောင်စုလမ်းမကြီး ပွင့်ရေးအတွက် နှိမ်နင်းမှုများ ပြုလုပ်မည်ဟု ဒုတပ်ချုပ်သစ် ကျော်စွာလင်း ပြောကြား

ရန်ကုန်၊ ဇွန် ၂၅ ၊ Horizons



မြန်မာနိုင်ငံတွင် စစ်တပ်၏ အင်အားလျော့နည်းစေရန် ပြည်ပမှ နည်းလမ်းမျိုးစုံဖြင့် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်နေကြောင်းနှင့် ပြည်တွင်း လက်နက်ကိုင်အဖွဲ့အစည်းများက မူးယစ်ဆေးဝါး၊ ကျားဖြန့်နှင့် တရားမဝင်ကုန်သွယ်ရေး လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြောင်း ဒုတပ်ချုပ်သစ် အကြမ်းဖက် ကျော်စွာလင်းက စွပ်စွဲပြောဆိုလိုက်သည်။


ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့က တနင်္သာရီတိုင်းသို့ ရောက်ရှိနေသည့် ဒုတပ်ချုပ် ကျော်စွာလင်းသည် မြိတ်တပ်နယ်နှင့် ကျွန်းစုမြို့နယ်အတွင်းရှိ နယ်မြေခံတပ်ဖွဲ့များနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။


အဆိုပါ တွေ့ဆုံမှုအတွင်း ၎င်းက အောက်ပါအတိုင်း ပြောကြားခဲ့သည်။


“နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ထမ်းဆောင်နေတဲ့ မိမိတို့တပ်မတော်အင်အား လျော့နည်းစေရန်အတွက် ပြည်ပဩဇာခံ ကိုယ်ကျိုးရှာအဖွဲ့အစည်းတွေက နည်းလမ်းမျိုးစုံနဲ့ သွေးထိုးလှုံ့ဆော်မှုတွေ လုပ်ဆောင်နေပါတယ်”


ထို့အပြင် ထားဝယ်ရေနက်ဆိပ်ကမ်းကဲ့သို့ မဟာဗျူဟာမြောက် စီမံကိန်းများနှင့် ရေး–ထားဝယ်–မြိတ်–ဘုတ်ပြင်း–ကော့သောင်း စသည့် ပြည်ထောင်စုလမ်းမကြီးများတွင် ပြည်သူများ လွတ်လပ်စွာ သွားလာနိုင်မှုကို ထိခိုက်စေသည့် လက်နက်ကိုင်အဖွဲ့အစည်းများကို ထိထိရောက်ရောက် နှိမ်နင်းသွားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။


“နိုင်ငံတော်ရဲ့ မြေပေါ်မြေအောက် သယံဇာတတွေကို တရားမဝင်တူးဖော်ရောင်းချဖို့ ကြိုးစားနေတဲ့သူတွေကို တပ်မတော်အနေနဲ့ ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်သွားရမှာ ဖြစ်ပါတယ်” ဟုလည်း ကျော်စွာလင်းက ထည့်သွင်းပြောဆိုခဲ့သည်။


၎င်းက ဆက်လက်၍ မူးယစ်ဆေးဝါးများကို လက်နက်ကိုင်အဖွဲ့အစည်းများက နယ်စပ်ဒေသများမှတစ်ဆင့် ပြည်ပသို့ တင်ပို့ရောင်းချနေသည်ဟု စွပ်စွဲခဲ့ပြီး စစ်တပ်အနေဖြင့် ထိရောက်စွာ တားဆီးနှိမ်နင်းနေကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတော်ဘဏ္ဍာနှင့် အခွန်အခများကို ထိခိုက်စေသော တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ကုန်သွယ်ရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်သူများကိုလည်း ဥပဒေနှင့်အညီ ပြင်းထန်စွာ အရေးယူသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။


အကြမ်းဖက် ကျော်စွာလင်းသည် ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့က ဒုတပ်ချုပ်ဟောင်း စိုးဝင်းထံမှ တာဝန်လွှဲပြောင်း ရယူခဲ့သူဖြစ်သည်။ သို့သော်လည်း လက်ရှိ ၎င်းပြောဆိုနေသည့် စစ်တပ်၏ မူဝါဒနှင့် အတွေးအခေါ်များမှာ မင်းအောင်လှိုင်နှင့် စိုးဝင်းတို့ ခေါင်းဆောင်ခဲ့သည့် ကာလများနည်းတူ ပြောင်းလဲမှုမရှိဘဲ ပုံစံတူ ပြောဆိုနေခြင်းသာဖြစ်ကြောင်း တွေ့မြင်ရသည်။


Horizons News မှ တင်ဆက်သော သတင်းများကို အောက်ပါ Horizons News ၏ Website နှင့် Social Media များတွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။


#ကျော်စွာလင်း #တနင်္သာရီတိုင်း #ထားဝယ်ရေနက်စီမံကိန်း #စစ်ကောင်စီ #HorizonsNews

Comments


bottom of page