top of page
Logo-Icon.png

စမတ်ဖုန်းဈေးကွက်၏ မဟာဗျူဟာအသစ် — စက်ပစ္စည်း ဝယ်ယူမှုပုံစံသစ်များနှင့် အခပေး AI ဝန်ဆောင်မှုများဖြင့် Apple နှင့် Samsung တို့ အပြိုင်အဆိုင် ဆွဲဆောင်

နိုင်ငံတကာ ၊ ဩဂုတ် ၂ ၊ Horizons



စမတ်ဖုန်းလုပ်ငန်းများ၏ အဓိက ယှဉ်ပြိုင်မှုမှာ စက်ပစ္စည်းအသစ်များ ထုတ်လုပ်ရောင်းချခြင်းထက် သုံးစွဲသူများအား မည်သို့ဝယ်ယူအသုံးပြုစေမည်ဆိုသည့် စီးပွားရေးပုံစံသစ်များ နှင့် ဆန်းသစ်သော ဉာဏ်ရည်တု ဝန်ဆောင်မှုများအပေါ်သို့ ရွေ့လျားလာနေကြောင်း သိရသည်။


အဆင့်မြင့် စမတ်ဖုန်းများ၏ ဈေးနှုန်းများမှာ တစ်နေ့တခြား ဆက်လက်မြင့်တက်လာနေသည့်အတွက် Apple၊ Samsung နှင့် အခြားသော နည်းပညာကုမ္ပဏီကြီးများသည် လစဉ်ကြေးဖြင့် အသုံးပြုနိုင်သည့် အငှားအစီအစဉ်များ၊ စာရင်းသွင်းဝန်ဆောင်မှုများ နှင့် ပြန်လည်ဝယ်ယူပေးမည့် အာမခံအစီအစဉ်များ (အပေါ် အဓိက အာရုံစိုက်လာကြသည်။


ယခုသီတင်းပတ်အတွင်း Apple သည် ငွေပေးချေမှုဝန်ဆောင်မှုကုမ္ပဏီ Klarna နှင့် ပူးပေါင်းကာ အမေရိကန်ဈေးကွက်၌ Apple Upgrade အစီအစဉ်ကို စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါ အစီအစဉ်အရ သုံးစွဲသူများသည် iPhone၊ Mac၊ iPad နှင့် Apple Watch တို့ကို လစဉ်ကြေးပေးသွင်း၍ အသုံးပြုနိုင်ပြီး၊ နောင်တစ်ချိန်တွင် စက်အသစ်သို့ အဆင့်မြှင့်တင်ခြင်း၊ စက်ကို ပြန်အပ်ခြင်း (သို့မဟုတ်) အပြီးအပိုင် ဝယ်ယူခြင်းတို့ကို လွတ်လပ်စွာ ရွေးချယ်နိုင်မည်ဖြစ်သည်။


တစ်ဖက်တွင်လည်း Samsung သည် ၎င်းတို့၏ ဧရာမဈေးကွက်တစ်ခုဖြစ်သော အိန္ဒိယနိုင်ငံ၌ Galaxy Forever အစီအစဉ်ကို ဆက်လက်တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။ ယင်းအစီအစဉ်မှာ ငွေကြေးထောက်ပံ့မှုစနစ်နှင့် အာမခံပြန်လည်ဝယ်ယူမှုကို ပေါင်းစပ်ပေးထားသဖြင့် သုံးစွဲသူများအနေဖြင့် Galaxy အဆင့်မြင့်စမတ်ဖုန်းများကို ပိုမိုလွယ်ကူစွာ အဆင့်မြှင့်တင်နိုင်စေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။


စက်ပစ္စည်းပိုင်းတွင်သာမက ဆော့ဖ်ဝဲလ်ပိုင်းတွင်လည်း Apple သည် ၎င်း၏ ဉာဏ်ရည်တု (AI) နည်းပညာအပေါ် အခြေခံထားသော Siri AI ဝန်ဆောင်မှုကို စီးပွားရေးပုံစံအသစ်ဖြင့် တိုးချဲ့အသုံးပြုလာနိုင်သည့် အရိပ်လက္ခဏာများ ထွက်ပေါ်လာသည်။


ကုမ္ပဏီ၏ ဝင်ငွေအစီရင်ခံ အစည်းအဝေးတွင် CEO ဖြစ်သူ Tim Cook က Siri AI သည် Notes၊ Messages နှင့် အခြား ကိုယ်ရေးအချက်အလက်များကို နားလည်အသုံးချကာ သုံးစွဲသူ၏ အချိန်ဇယား၊ အလေ့အထနှင့် လိုအပ်ချက်များအပေါ် မူတည်၍ ပိုမိုတိကျသော အဖြေများနှင့် အကူအညီများ ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။


ထို့အပြင် Siri AI ကို မကြာခဏအသုံးပြုသည့် သုံးစွဲသူများအနေဖြင့် ပိုမိုမြင့်မားသော iCloud+ အစီအစဉ်သို့ အဆင့်မြှင့်တင်ရန် လိုအပ်လာနိုင်ကြောင်းလည်း အရိပ်အမြွက် ပြောဆိုခဲ့သည်။


Apple ၏ အဆိုအရ Siri AI သည် လက်ရှိတွင် Developer နှင့် Public Beta အဆင့်၌ စမ်းသပ်အသုံးပြုနိုင်နေပြီး အသုံးပြုသူများထံမှ အပြုသဘောဆောင်သော တုံ့ပြန်မှုများ ရရှိနေသည်။ Apple သည် AI ဝန်ဆောင်မှုများကို လည်ပတ်နိုင်ရန် ကိုယ်ပိုင် Data Center များနှင့် Cloud Infrastructure တို့ကို ပေါင်းစပ်အသုံးပြုနေပြီး ယင်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်တိုးမြှင့်လျက်ရှိသည်။


ထို့ကြောင့် ကြီးမားလာသော ကွန်ပျူတာစွမ်းအား (Compute Resources) ကုန်ကျစရိတ်များကို ကာမိစေရန် Apple အနေဖြင့် AI ဝန်ဆောင်မှုများကို iCloud+ စာရင်းသွင်းမှုများနှင့် ပိုမိုချိတ်ဆက်ကာ ဝင်ငွေရှာဖွေမည့် မဟာဗျူဟာတစ်ရပ်ကို စဉ်းစားနေကြောင်း ပြသနေသည်။


နည်းပညာလုပ်ငန်း လေ့လာသုံးသပ်သူများ၏ အမြင်အရ ယင်းအစီအစဉ်များသည် စမတ်ဖုန်း ဈေးနှုန်းမြင့်တက်လာမှုကြောင့် ဝယ်ယူရန် အခက်အခဲရှိလာသော သုံးစွဲသူများကို မိမိတို့၏ ဂေဟစနစ် အတွင်း ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ရည်ရွယ်သည့် မဟာဗျူဟာများ ဖြစ်သည်။ 


ထို့ကြောင့် လာမည့်နှစ်များအတွင်း စမတ်ဖုန်းဈေးကွက်၏ ယှဉ်ပြိုင်မှုသည် ဟာ့ဒ်ဝဲလ် အသစ်များသာမက ဝယ်ယူအသုံးပြုသည့် ပုံစံများနှင့် အခပေး AI ဝန်ဆောင်မှုများအပေါ်တွင်ပါ ပိုမိုအာရုံစိုက်လာဖွယ်ရှိကြောင်း သုံးသပ်ရသည်။



Comments


bottom of page