တာချီလိတ်မြို့တွင် အရှိန်လွန်မောင်းနှင်လာသည့် ကားက နောက်မှဝင်တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံး
- Horizons News

- Jun 20
- 1 min read
တာချီလိတ်၊ ဇွန် ၂၀ ၊ Horizons

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ယနေ့ (ဇွန်လ ၂၀ ရက်) နံနက်ပိုင်းက အရှိန်လွန်မောင်းနှင်လာသော လူစီးကားတစ်စီးက ဆိုင်ကယ်အား နောက်မှဝင်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီးတစ်ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်စဉ်မှာ ယနေ့နံနက် (၉) နာရီ (၄၅) မိနစ်ဝန်းကျင်ခန့်က တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ဟွေခိုက်ကျေးရွာအနီးရှိ ကျိုင်းတုံ-တာချီလိတ် ကားလမ်းမပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တာချီလိတ်မြို့တွင်းမှ ဟွေခိုက်ကျေးရွာဘက်သို့ လမ်းကြောင်းတူ မောင်းနှင်လာသည့် အသက် (၂၃) နှစ်အရွယ် စိုင်းရှဲန် မောင်းနှင်သော အဖြူရောင် Crown ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ အသက် (၄၅) နှစ်အရွယ် မပြုံးချို မောင်းနှင်နေသည့် Wave-110 ဆိုင်ကယ်ကို နောက်မှနေ၍ အပြင်းအထန် ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ယာဉ်တိုက်မှုအရှိန်ကြောင့် ဆိုင်ကယ်မောင်းနှင်သူ မပြုံးချိုမှာ နဖူး ပေါက်ပြဲဒဏ်ရာ ၊ နားနှင့် နှာခေါင်းတို့မှ သွေးထွက်ဒဏ်ရာ ၊ ညာဘက် လက်ကောက်ဝတ်နှင့် ညာဘက်ခြေသလုံး အရိုးကျိုးကြေဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာ နေရာတွင်ပင် အသက်ဆုံးရှုံးခဲ့ရသည်။
လက်ရှိတွင် သေဆုံးသူ အမျိုးသမီး၏ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းများက တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးထားကြောင်း ဒေသခံများထံမှ သိရှိရသည်။











Comments