top of page
Logo-Icon.png

တောင်ငူအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၁၀၀) အပါအဝင် အကျဉ်းသား (၅၀၀) ခန့်ကို သာယာဝတီထောင်သို့ ရုတ်တရက် ပြောင်းရွှေ့

Jul 23
1 min read

ပဲခူး ၊ ဇူလိုင် ၂၃ ၊ Horizons



ပဲခူးတိုင်း၊ တောင်ငူအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည့် အမျိုးသား နိုင်ငံရေးအကျဉ်းသား (၁၀၀) ဦး အပါအဝင် စုစုပေါင်း အကျဉ်းသား (၅၀၀) ခန့်ကို အကျဉ်းထောင်အာဏာပိုင်များက ယနေ့ ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်းတွင် သာယာဝတီအကျဉ်းထောင်သို့ ရုတ်တရက် ပြောင်းရွှေ့လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။


အဆိုပါ ထောင်ပြောင်းရွှေ့ရန်အတွက် အာဏာပိုင်များက တစ်ရက်ကြိုတင်၍ နာမည်စာရင်း ခေါ်ယူထားခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဇူလိုင်လ ၂၃ ရက် နံနက် ၃ နာရီခွဲဝန်းကျင်တွင် အကျဉ်းသားများကို ခြေချင်းများခတ်ကာ (၁၂) ဘီး မော်တော်ယာဉ်များဖြင့် သာယာဝတီထောင်သို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်။


ထောင်ပြောင်းရွှေ့စဉ်အတွင်း အကျဉ်းသားတစ်ဦးလျှင် အင်္ကျီ (၁) စုံနှင့် စောင် (၃) ထည်ကိုသာ သယ်ဆောင်ခွင့်ပြုခဲ့သည်။ ကျန်ရှိနေသည့် ကိုယ်ပိုင်အသုံးအဆောင်ပစ္စည်းများနှင့် မိသားစုမှပေးပို့ထားသော ထောင်ဝင်စာပစ္စည်းများကိုမူ ထောင်အာဏာပိုင်များက သိမ်းဆည်းလိုက်ကြောင်း PPNM ၏ သတင်းအရင်းမြစ်များက ဆိုသည်။


ယခုကဲ့သို့ အကျဉ်းသားများကို နံနက်အစောပိုင်းတွင် ရုတ်တရက် ထောင်ပြောင်းရွှေ့ခြင်း၊ ခြေချင်းများခတ်ခြင်းနှင့် ကိုယ်ပိုင်ပစ္စည်းများ သိမ်းဆည်းခြင်းတို့သည် အကျဉ်းသားများအပေါ် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုများကို စနစ်တကျ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေခြင်းဖြစ်ကြောင်း PPNM က ထောက်ပြထားသည်။


 မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အနေဖြင့် ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများနှင့် အခြားအကျဉ်းသားများအပေါ် ကျူးလွန်နေသည့် လူ့အခွင့်အရေး ချိုးဖောက်ဖိနှိပ်မှုများကို ဆက်လက်စောင့်ကြည့် ဖော်ထုတ်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။


#တောင်ငူအကျဉ်းထောင် #သာယာဝတီထောင် #နိုင်ငံရေးအကျဉ်းသား #PPNM #ထောင်ပြောင်းရွှေ့မှု #လူ့အခွင့်အရေး #Horizons

Comments


bottom of page