top of page
Logo-Icon.png

တင်းနစ်ဂန္ထဝင်ကစားသမား ခရစ်အဲဗတ် သားဥအိမ်ကင်ဆာ ပြန်လည်ဖြစ်ပွားမှုကြောင့် ယခုနှစ် ဝင်ဘယ်ဒန်ပြိုင်ပွဲကို လွဲချော်မည်

နယူးယောက်၊ ဇွန် ၂၆ ၊ Horizons



တင်းနစ်ဂန္ထဝင်ကစားသမား ခရစ်အဲဗတ် (Chris Evert) သည် ၎င်း၏ သားဥအိမ်ကင်ဆာရောဂါ ပြန်လည်ဖြစ်ပွားလာသည့်အတွက် ဆေးကုသမှုခံယူရန် ယခုနှစ် ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲကို လွဲချော်မည်ဖြစ်ကြောင်း ကြာသပတေးနေ့က ပြောကြားခဲ့သည်။


အသက် ၇၁ နှစ်အရွယ် ခရစ်အဲဗတ်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် သားဥအိမ်ကင်ဆာဖြစ်ပွားနေကြောင်း ပထမဆုံးအကြိမ် ရောဂါအမည်တပ်ခံခဲ့ရပြီး၊ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ကင်ဆာရောဂါ ပြန်လည်ဖြစ်ပွားလာကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသူဖြစ်သည်။


ရောဂါအခြေအနေကို စစ်ဆေးမှုများအရ ကင်ဆာရောဂါ ပြန်လည်ဖြစ်ပွားနေသည်ကို တွေ့ရှိရပြီးနောက် "ဆေးကုသမှုနဲ့ ပြန်လည်ကျန်းမာလာစေရေးရဲ့ ပထမဆုံးခြေလှမ်းအဖြစ်" ခွဲစိတ်မှုခံယူခဲ့ပြီးဖြစ်ကြောင်း သူမက လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးခဲ့သည်။ ထို့အပြင် လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း ဓာတုကုထုံး ဖြင့် ဆက်လက်ကုသမှုခံယူသွားမည်ဟုလည်း ဆိုသည်။


ယခုအခြေအနေနှင့် ပတ်သက်၍ ခရစ်အဲဗတ်က အောက်ပါအတိုင်း ပြောကြားခဲ့သည်။

“ဒါကြောင့် ဒီနှစ် ဝင်ဘယ်ဒန်ပြိုင်ပွဲကို ကျွန်မ တက်ရောက်နိုင်မှာမဟုတ်ပါဘူး။ ကျွန်မရဲ့ ကျန်းမာရေးကိုပဲ အာရုံစိုက်ဖို့အတွက် လာမယ့်လအနည်းငယ်အတွင်းမှာ ပရော်ဖက်ရှင်နယ် လုပ်ငန်းတာဝန်တွေကနေ ခဏတာ အနားယူသွားမှာပါ”


၎င်းက ဆက်လက်၍လည်း “သားဥအိမ်ကင်ဆာဆိုတာ မညှာမတာ ဒုက္ခပေးတတ်ပါတယ်။ ဒါပေမယ့် ဒီတိုက်ပွဲကို ဆက်လက်ရင်ဆိုင်ဖို့ ကျွန်မ အကောင်းမြင်စိတ်နဲ့ သန္နိဋ္ဌာန်ချထားပါတယ်။ ကျွန်မရဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့၊ မိသားစု၊ သူငယ်ချင်းတွေနဲ့ ကြင်နာစွာ အားပေးစကားဆိုခဲ့ကြသူတိုင်းကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ မကြာခင်မှာ အားလုံးနဲ့ ပြန်လည်ဆုံတွေ့ချင်ပါတယ်” ဟု ထည့်သွင်းပြောဆိုခဲ့သည်။


ခရစ်အဲဗတ်သည် ဂရင်းစလင်း တင်းနစ်ပြိုင်ပွဲ တစ်ဦးချင်းချန်ပီယံဆုကို ၁၈ ကြိမ်တိုင်တိုင် ဆွတ်ခူးရရှိခဲ့သူဖြစ်ပြီး နာမည်ကြီး အားကစားသတင်းဌာန ESPN တွင် တင်းနစ်အားကစား သုံးသပ်သူတစ်ဦးအဖြစ် လက်ရှိအချိန်အထိ ထင်ရှားစွာ ရပ်တည်နေသူဖြစ်သည်။


(ကိုးကား-CNN)

Comments


bottom of page