တင်းနစ်လောကမှ အနားယူခဲ့သည့် ကမ္ဘာကျော် ဆီရီနာ ဝီလီယံစ် လန်ဒန်ပြိုင်ပွဲဖြင့် ကွင်းတွင်းပြန်ဝင်ရန် ပြင်ဆင်နေ
- Horizons News

- Jun 11
- 1 min read
နိုင်ငံတကာ၊ ဇွန် ၁၁ ၊ Horizons

ကမ္ဘာ့အကောင်းဆုံး တင်းနစ်ကစားသမားတစ်ဦးဖြစ်သူ အမေရိကန် တင်းနစ်ဂန္ထဝင် ဆီရီနာ ဝီလီယံစ် (Serena Williams) သည် တင်းနစ်လောကမှ အနားယူပြီး ၄ နှစ်အကြာတွင် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ Queen's Club ၌ ကျင်းပမည့် ပြိုင်ပွဲမှတစ်ဆင့် ကွင်းတွင်းသို့ တစ်ကျော့ပြန် ဝင်ရောက်လာရန် ပြင်ဆင်နေပြီဖြစ်သည်။
ယခုလကုန်ပိုင်းတွင် ကျင်းပမည့် အမျိုးသမီးနှစ်ဦးတွဲ (Doubles) ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အသက် ၄၄ နှစ်အရွယ်ရှိပြီဖြစ်သည့် ဆီရီနာသည် အထူးဖိတ်ကြားချက် (Wildcard) ကို ရရှိထားပြီးဖြစ်သည်။
လက်ရှိတွင် ၎င်းနှင့် တွဲဖက်ကစားမည့်သူကို တရားဝင် အတည်မပြုရသေးသော်လည်း ကနေဒါနိုင်ငံမှ ဆယ်ကျော်သက် တင်းနစ်ကြယ်ပွင့် ဗစ်တိုးရီးယား အမ်ဘိုကို (Victoria Mboko) ဖြစ်လာနိုင်ကြောင်း အားကစားသတင်းများက ခန့်မှန်းဖော်ပြနေကြသည်။
၂၇ နှစ်ကြာ ဖြတ်သန်းခဲ့သည့် တောက်ပသော ကစားသမားဘဝသက်တမ်းတစ်လျှောက် ဂရန်းစလန်း (Grand Slam) တစ်ဦးတည်းကစားနည်း ချန်ပီယံဆုကို ၂၃ ကြိမ်အထိ စံချိန်တင် ဆွတ်ခူးနိုင်ခဲ့သော ဆီရီနာသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် တင်းနစ်လောကမှ အနားယူကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း တားမြစ်ဆေး သုံးစွဲမှု ရှိ၊ မရှိ အမြဲမပြတ် စောင့်ကြည့်မှတ်ပုံတင်ရသည့် ကစားသမားများစာရင်း (Anti-doping Testing Pool) တွင် ၎င်း၏အမည် ပြန်လည်ပါဝင်လာခြင်းကြောင့် ပြီးခဲ့သည့်နှစ်မှစတင်ကာ ကွင်းတွင်းပြန်လာနိုင်ခြေရှိသည်ဟူသော သတင်းများ စတင်ထွက်ပေါ်လာခဲ့သည်။
အစပိုင်းတွင် တင်းနစ်လောကသို့ ပြန်လာရန် အစီအစဉ်မရှိကြောင်း ၎င်းကိုယ်တိုင် ငြင်းဆိုခဲ့သော်လည်း ယခုနှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံတကာ တင်းနစ်သမာဓိရှိမှုအဖွဲ့ (ITIA) ၏ တရားဝင်စာရင်းတွင် အမည်ထပ်မံတွေ့ရှိခဲ့ရပြီးနောက် ကောလာဟလများ ပိုမိုကျယ်လောင်လာခဲ့သည်။
နောက်ဆုံးတွင်မူ ပြီးခဲ့သည့် တနင်္လာနေ့က ဆီရီနာသည် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် တင်းနစ်ကွင်းအတွင်းသို့ လမ်းလျှောက်ဝင်လာသည့် ဗီဒီယိုဖိုင်တစ်ခုကို "သတင်းကြားသူတိုင်း သိပါစေ" ဟူသော စာတန်းနှင့်အတူ မျှဝေခဲ့ပြီး ကောလာဟလများကို အဆုံးသတ်ကာ သတင်းမှန်ဖြစ်ကြောင်း အတည်ပြုပေးခဲ့သည်။
Queen's Club သည် ၎င်း၏ ဘဝစာမျက်နှာသစ်တစ်ခုကို စတင်ရန်အတွက် ပြီးပြည့်စုံသော နေရာတစ်ခုဖြစ်ကြောင်းနှင့် မြက်ခင်းပြင် တင်းနစ်ကွင်းများသည် ၎င်း၏ ကစားသမားဘဝတွင် အဓိပ္ပာယ်အရှိဆုံး အခိုက်အတန့်များကို ဖန်တီးပေးခဲ့ကြောင်း ဆီရီနာက ဖွင့်ဟပြောကြားခဲ့သည်။
လက်ရှိတွင် တင်းနစ်ပရိသတ်များကမူ ဆီရီနာအနေဖြင့် ယခုမြက်ခင်းပြင်ပြိုင်ပွဲမှတစ်ဆင့် ၎င်းအကြိမ်ကြိမ် ဗိုလ်စွဲခဲ့ဖူးသည့် နာမည်ကျော် ဝင်ဘယ်လ်ဒန် (Wimbledon) ပြိုင်ပွဲကြီးဆီသို့ပါ ဆက်လက်ဦးတည်သွားမည်လား ဆိုသည်ကို စိတ်ဝင်တစား စောင့်ကြည့်မျှော်လင့်လျက်ရှိကြသည်။
(မူရင်းရေးသားသူ - ဇလာတန်)



Comments