top of page
Logo-Icon.png

တစ်ပတ်အတွင်း မြန်မာနိုင်ငံအနှံ့ မိုးများပြားလာနိုင်ပြီး ဒေသအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သတိပေး

နေပြည်တော် ၊ ဩဂုတ် ၃ ၊ Horizons



အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ထုတ်ပြန်ချက်အရ ယခုနှစ် ဩဂုတ်လ (၃) ရက်နေ့မှ (၉) ရက်နေ့အထိ ကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ဒေသအချို့တွင် မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးထုတ်ပြန်ထားသည်။



ယခုတစ်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေမည်ဖြစ်ပြီး မြန်မာ့ကမ်းရိုးတန်းဒေသများနှင့် ကမ်းလွန်ပင်လယ်ပြင်များတွင် အနောက်တောင်မုတ်သုံလေမှာ အားကောင်းရာမှ အားအလွန်ကောင်းလာနိုင်ကြောင်း ဖော်ပြထားသည်။


ထို့ပြင် ဩဂုတ်လ (၆) ရက်နေ့ခန့်တွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နှင့် အိုဒီရှာပြည်နယ် ကမ်းရိုးတန်းအနီးတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ချေရှိပြီး ယင်း၏အရှိန်ကြောင့် မြန်မာနိုင်ငံအတွင်း မိုးရွာသွန်းမှု ပိုမိုများပြားလာနိုင်ကြောင်း NUG က ခန့်မှန်းထားသည်။


အရှေ့ဘက်နှင့် အနောက်ဘက်မှ လေပြွေလှိုင်းများ၊ အားကောင်းသော အနောက်တောင်မုတ်သုံလေများနှင့် လေဖိအားနည်းရပ်ဝန်း၏ သက်ရောက်မှုတို့ကြောင့် အောက်ပါတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည် -

စစ်ကိုင်းတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီး

ရန်ကုန်တိုင်းဒေသကြီး

ပဲခူးတိုင်းဒေသကြီး

ဧရာဝတီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီး

ကချင်ပြည်နယ်

ရှမ်းပြည်နယ်

ချင်းပြည်နယ်

ရခိုင်ပြည်နယ်

ကရင်နီပြည်နယ်

ကရင်ပြည်နယ်

မွန်ပြည်နယ်


မိုးဆက်တိုက် ရွာသွန်းနိုင်သည့် အခြေအနေများကြောင့် အထူးသဖြင့် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ နမ္မတီးနှင့် မိုးကောင်းမြို့နယ်များ၊ ပဲခူးတိုင်းရှိ ပြည်၊ မိုးညို၊ ကြို့ပင်ကောက်၊ အုတ်ပုံ၊ လက်ပံတန်းနှင့် သာယာဝတီမြို့နယ်များ၊ ဧရာဝတီတိုင်းရှိ မြန်အောင်နှင့် ကြံခင်းမြို့နယ်များ၊ ရန်ကုန်တိုင်းရှိ ကျောက်တန်း၊ မင်္ဂလာဒုံ၊ သန်လျင်၊ ထောက်ကြန့်၊ ရွှေပြည်သာ၊ တိုက်ကြီး (တန်းတပင်)၊ အရှေ့ဒဂုံနှင့် တောင်ဒဂုံမြို့နယ်များအပါအဝင် အခြားဒေသအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် အထူးသတိပြုနေထိုင်ကြရန် တိုက်တွန်းထားသည်။


ထို့အပြင် ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ မြို့နယ်အချို့တွင်လည်း ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ရနိုင်ချေရှိသဖြင့် ဒေသခံပြည်သူများအနေဖြင့် မိုးလေဝသသတင်းများကို အနီးကပ်စောင့်ကြည့်ကြရန်နှင့် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို အမြန်ဆုံး ဆောင်ရွက်ထားကြရန် NUG က အကြံပြုနှိုးဆော်ထားသည်။


Comments


bottom of page