top of page
Logo-Icon.png

ထောင်ဖောက်ပြေးသည့် သက်ငယ်မုဒိမ်းတရားခံ CDM ဆရာဝန် တန့်ယန်းမြို့ရှိ ပုဂ္ဂလိကဆေးရုံတွင် ခွဲစိတ်ဆရာဝန်အဖြစ် ပြန်လည်လုပ်ကိုင်နေ



တန့်ယန်း ၊ ဇူလိုင် ၁၉ ၊ Horizons



ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် အသက်မပြည့်သေးသည့် မိန်းကလေးငယ်အား အဓမ္မပြုကျင့်မှုဖြင့် ပြစ်ဒဏ်ကျခံနေရစဉ် ထောင်ဖောက်ပြေးခဲ့သည့် CDM ဆရာဝန် ဒေါက်တာ အောင်ဖြိုးနိုင်သည် ယခုအခါ စစ်ကောင်စီထိန်းချုပ်ရာ တန့်ယန်းမြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုတွင် ခွဲစိတ်ဆရာဝန်အဖြစ် ပြန်လည်ဝင်ရောက်လုပ်ကိုင်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။


ဖြစ်စဉ်မှာ ရွှေကွတ်ခိုင် အထူးကုဆေးခန်းပိုင်ရှင် CDM ခွဲစိတ်ဆရာဝန် အသက် (၃၇) နှစ်အရွယ် ဒေါက်တာ အောင်ဖြိုးနိုင်သည် မိမိဆေးခန်း၌ အလုပ်လုပ်ကိုင်နေသော အသက် (၁၄) နှစ်အရွယ် မိန်းကလေးငယ်အား အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သဖြင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ၎င်းကို ဖမ်းဆီးကာ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။


ယင်းသို့ ပြစ်ဒဏ်ကျခံနေရစဉ်အတွင်း ၎င်းသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် ကွတ်ခိုင်အချုပ်ကို ဖောက်ကာ အခြားအချုပ်သား (၂၀) ဦးနှင့်အတူ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ယခုအခါ ၎င်းသည် တန့်ယန်းမြို့၊ ရပ်ကွက် (၄)၊ ဦးအောင်မြတ်လမ်း၊ လားဟူဘော်ဒါဆောင်ဘေးရှိ မိုင်ဆုန်ဆေးရုံ တွင် ပြီးခဲ့သည့် ဇွန်လမှစတင်ကာ ခွဲစိတ်ဆရာဝန်အဖြစ် ပြန်လည်ဝင်ရောက် လုပ်ကိုင်နေခြင်းဖြစ်သည်။

ယခုကဲ့သို့ သက်ငယ်မုဒိမ်းတရားခံတစ်ဦး ဆရာဝန်အဖြစ် ပြန်လည်လုပ်ကိုင်နေခြင်းကြောင့် တန့်ယန်းမြို့ခံ မိဘပြည်သူများနှင့် အမျိုးသမီးများအကြား လုံခြုံရေးအတွက် ကြီးမားသော စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လျက်ရှိသည်။


"လူထုနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ ဆရာဝန်အလုပ်မျိုးကို ဒီလိုရာဇဝင်ရှိတဲ့သူနဲ့ ပေးမလုပ်စေချင်တော့ဘူး။ ကလေးတွေနဲ့ အမျိုးသမီးတွေအတွက် ဘယ်လိုမှ စိတ်မချရဘူး၊ မလုံခြုံတော့ဘူး" ဟု ဒေသခံတစ်ဦးက ပြောသည်။


ထို့ကြောင့် အဆိုပါ ဒေါက်တာ အောင်ဖြိုးနိုင်အား သက်ဆိုင်ရာ တာဝန်ရှိသူများက အမြန်ဆုံး ဝင်ရောက်စစ်ဆေး အရေးယူပေးရန် မြို့ခံများက လိုလားနေကြသည်။ လက်ရှိတွင် တန့်ယန်းဒေသခံများအနေဖြင့် မိမိတို့၏ ဘေးကင်းလုံခြုံရေးအတွက် ၎င်းရှိနေသည့် မိုင်ဆုန်ဆေးရုံသို့ သွားရောက်ဆေးကုသခြင်းများ မပြုကြရန်နှင့် အထူးသတိပြု ရှောင်ရှားကြရန် သတင်းရင်းမြစ်များက တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။



#တန့်ယန်းမြို့ #ကွတ်ခိုင်မြို့ #မိုင်ဆုန်ဆေးရုံ #သက်ငယ်မုဒိမ်းမှု #HorizonsNews

Comments


bottom of page