top of page
Logo-Icon.png

ဒီးမော့ဆိုမြို့နယ်တွင် RPG ဗုံးသီးဖြုတ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားကာ အမျိုးသား ၂ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရ

ဒီးမော့ဆို၊ ဇွန် ၁၂ ၊ Horizons



ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ နေအိမ်တစ်အိမ်တွင် RPG လက်နက်ကြီးဗုံးသီးကို ဖြုတ်ရာမှ မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦး သေဆုံးကာ ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


အဆိုပါ ပေါက်ကွဲမှုသည် ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


 ပေါက်ကွဲမှုကြောင့် နေအိမ်ပိုင်ရှင် အပါအဝင် အမျိုးသားနှစ်ဦးမှာ အခင်းဖြစ်ပွားရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ အခြားအမျိုးသားတစ်ဦးမှာ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သဖြင့် လက်ရှိတွင် ဆေးရုံသို့ ပို့ဆောင်ကုသထားရသည်။ 


ထိခိုက်သေဆုံးသူများထဲတွင် လက်နက်ခဲယမ်း အရောင်းအဝယ် ပြုလုပ်သူတစ်ဦးလည်း ပါဝင်ကြောင်း သိရှိရသည်။


ဒေသခံတစ်ဦး၏ ပြောပြချက်အရ ပေါက်ကွဲသံမှာ အလွန်ကျယ်လောင်လွန်းသဖြင့် အစပိုင်းတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲသည်ဟုပင် ထင်မှတ်ခဲ့ကြကြောင်း သိရသည်။


 ထို့အပြင် ပေါက်ကွဲမှု၏ ပြင်းအားကြောင့် အိမ်ရှင်အမျိုးသား၏ ရုပ်အလောင်းမှာ ဆိုးရွားစွာ ပျက်စီးသွားခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။


ယခု ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ အဆိုပါကျေးရွာ၌ပင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း လက်နက်ကြီးဗုံးသီးဖြုတ်ရာမှ အလားတူ ပေါက်ကွဲမှုမျိုး ဖြစ်ပွားခဲ့ဖူးသည်။ 


ယင်းဖြစ်စဉ်အတွင်းကလည်း အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဆက်လက်သိရှိရသည်။

Comments


bottom of page