top of page
Logo-Icon.png

ပေကျင်းအစိုးရ၏ တောင်းဆိုမှုကြောင့် ဒေါ်လာ ၂ ဘီလီယံတန် Manus AI ဝယ်ယူမှုကို Meta စတင်ဖျက်သိမ်း

Jun 14
1 min read

ဇွန် ၁၄ ၊ Horizons



တရုတ်နိုင်ငံအစိုးရ၏ တောင်းဆိုချက်အရ နာမည်ကျော် နည်းပညာကုမ္ပဏီကြီး Meta သည် တရုတ်နောက်ခံ AI Startup ကုမ္ပဏီတစ်ခုဖြစ်သည့် Manus ကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံဖြင့် ဝယ်ယူထားသည့် သဘောတူညီချက်အား စတင်ဖျက်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။


Bloomberg သတင်းဌာန၏ ဖော်ပြချက်အရ ကုမ္ပဏီနှစ်ခုအကြား လုပ်ငန်းပိုင်းဆိုင်ရာ ချိတ်ဆက်မှုများနှင့် ဒေတာမျှဝေမှုများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကာ Meta ၏ အတွင်းရေးရာ ပရောဂျက်များတွင် Manus ၏ AI Tools များကို ဆက်လက်အသုံးပြုခွင့် ပိတ်ပင်လိုက်ပြီဖြစ်သည်။ 


ဤကဲ့သို့ လုပ်ဆောင်ရခြင်းမှာ ပြီးခဲ့သည့် နှစ်လခန့်က တရုတ်အစိုးရဘက်မှ နိုင်ငံတော်လုံခြုံရေးကို အကြောင်းပြကာ အဆိုပါ ဝယ်ယူမှုကို ဖျက်သိမ်းရန် အမိန့်ပေးခဲ့ခြင်းကြောင့် ဖြစ်သည်။


ယခုအခါ Manus ၏ ပူးတွဲတည်ထောင်သူများသည် မိခင်ကုမ္ပဏီကို Meta ထံမှ ပြန်လည်ရယူနိုင်ရန် ပြင်ပရင်းနှီးမြှုပ်နှံသူများထံမှ ဒေါ်လာ ၁ ဘီလီယံခန့် ရန်ပုံငွေရှာဖွေရန် ကြိုးပမ်းနေပြီး အောင်မြင်ပါက တရုတ်-ဖက်စပ်လုပ်ငန်း (Joint Venture) အဖြစ် ပြန်လည်ဖွဲ့စည်းကာ ဟောင်ကောင်စတော့အိတ်ချိန်းတွင် စာရင်းဝင်နိုင်ရန် မျှော်မှန်းထားသည်။


လက်ရှိတွင် တရုတ်အစိုးရသည် AI နည်းပညာကဏ္ဍအပေါ် ထိန်းချုပ်မှုများကို ပိုမိုတင်းကျပ်ထားပြီး AI ကုမ္ပဏီများမှ တာဝန်ရှိသူများ နိုင်ငံခြားခရီးသွားလာခြင်းနှင့် အမေရိကန်ရင်းနှီးမြှုပ်နှံမှုများ လက်ခံရာတွင် အစိုးရ၏ ကြိုတင်ခွင့်ပြုချက် ရယူရန် လိုအပ်လျက်ရှိသည်။ 


သို့သော်လည်း Meta နှင့် လမ်းခွဲရမည့် အခြေအနေများကြားမှပင် Manus သည် Similarweb နှင့် Shopify တို့နှင့် ချိတ်ဆက်အသုံးပြုနိုင်သည့် ထုတ်ကုန်အသစ်များကို ဆက်လက်မိတ်ဆက်ထားသည်။


Manus သည် ၂၀၂၅ ခုနှစ်အတွင်း ၎င်းတို့၏ AI Agent Demo ဖြင့် လူသိများလာခဲ့ပြီးနောက် ဝန်ထမ်းများကို စင်ကာပူသို့ ပြောင်းရွှေ့ခဲ့ကာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် Meta ဘက်က ဒေါ်လာ ၂ ဘီလီယံဖြင့် ဝယ်ယူရန် ကြေညာခဲ့ခြင်းဖြစ်သည်။ 


သို့သော် တရုတ်အာဏာပိုင်များက နည်းပညာတင်ပို့မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းများအရ ယခုနှစ်အစပိုင်းတွင် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။


 ယခု ဖျက်သိမ်းမှု လုပ်ငန်းစဉ်တွင် အမေရိကန်အခြေစိုက် Benchmark ကဲ့သို့သော ရင်းနှီးမြှုပ်နှံသူများက ရပိုင်ခွင့်များကို လက်ခံရရှိပြီးဖြစ်သော်လည်း Tencent နှင့် ZhenFund အပါအဝင် အာရှရင်းနှီးမြှုပ်နှံသူများကမူ လုပ်ငန်းစဉ်အတိုင်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ 


Manus ၏ မိခင်ကုမ္ပဏီ Butterfly Effect သည် တရုတ်နောက်ခံဖြစ်နေသဖြင့် အမေရိကန် အထက်လွှတ်တော်အမတ်များ၏ စောင့်ကြည့်မေးခွန်းထုတ်မှုများကိုပါ ခံနေရပြီး ယခုကိစ္စနှင့်ပတ်သက်၍ Meta နှင့် Manus တို့ဘက်မှ တရားဝင် မှတ်ချက်ထုတ်ပြန်ထားခြင်း မရှိသေးပေ။


Comments


bottom of page