ပျဉ်းမနားတွင် မိုးသည်းထန်စွာ ရွာသွန်းစဉ် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံး
ပျဉ်းမနား ၊ ဇူလိုင် ၂၃ ၊ Horizons

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းနေစဉ် မော်တော်ယာဉ်နှင့် ဆိုင်ကယ်တို့ တိုက်မိမှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း မိုးစေတနာလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇူလိုင် ၂၂ ရက်) ညနေ ၆ နာရီဝန်းကျင်က ပျဉ်းမနားမြို့၊ အလျှင်လိုကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် မြင်ကွင်းမရှင်းသည့်အပြင် နှစ်ဖက်စလုံး အရှိန်မထိန်းနိုင်ဘဲ တိုက်မိကာ လမ်းဘေးသို့ မှောက်ရက်လဲကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"မိုးအရမ်းများနေတော့ လမ်းမမြင်ရတာလည်း ပါတာပေါ့။ နှစ်ဖက်စလုံးကလည်း အရှိန်နဲ့ဆိုတော့ တိုက်ပြီး လမ်းဘေးမှာ မှောက်နေတာပါ" ဟု မိုးစေတနာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်ပါ အမျိုးသား နှစ်ဦးနှင့် မော်တော်ယာဉ်ပေါ်ပါ အမျိုးသား တစ်ဦးတို့ ဒဏ်ရာရရှိခဲ့သဖြင့် မိုးစေတနာလူမှုကူညီရေးအသင်းက ပျဉ်းမနား ကုတင် ၂၀၀ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့သည်။
ထိုသို့ ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ဒဏ်ရာရရှိသူ သုံးဦးအနက် အသက် (၄၀) အရွယ် ဆိုင်ကယ်စီးနင်းသူ အမျိုးသားတစ်ဦးမှာ သေဆုံးသွားခဲ့သည်။ ကျန်ရှိသည့် ဒဏ်ရာရ အမျိုးသား နှစ်ဦးကိုမူ လက်ရှိတွင် နေပြည်တော် ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ကာ အရေးပေါ်ဌာန၌ အထူးကြပ်မတ် ကုသပေးလျက်ရှိကြောင်း သိရသည်။




Comments