ဖားကန့်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေစီးနှင့်အတူ မျောပါသွားသည့် ရေမဆေးကျောက်ရှာသူတစ်ဦး သေဆုံး
- Horizons News

- Jun 16
- 1 min read
ဖားကန့်၊ ဇွန် ၁၆ ၊ Horizons

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဘဇံချောက်ကျေးရွာ ရပ်ကွက် (၃) တွင် နေထိုင်သည့် အသက် (၄၀) ခန့်အရွယ် ရေမဆေးကျောက်ရှာဖွေသူ ဦးဝင်းမြင့်ထွန်းသည် မျောကြောင်းပေါက်ကျချိန် ရေစီးနှင့်အတူ မျောပါသေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ နံနက် (၉) နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အရှိန်ပြင်းစွာ စီးဆင်းလာသည့် မျောရေစီးကြောင်းအတွင်း မျောပါသွားခဲ့ခြင်းဖြစ်သည်။
ကနဦးတွင် ကမ်းပါးပြိုကျ၍ သေဆုံးသည်ဟု ထင်မှတ်ခဲ့သော်လည်း အမှန်တကယ်တွင် မျောရေစီးကြောင်းအတွင်း ပါသွားကာ ကျောက်ခဲ၊ နွံများနှင့် ရိုက်မိပြီး ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဖားပြင်ကျေးရွာမှ ရေမဆေးကျောက်ရှာသူတစ်ဦးက ရှင်းပြသည်။
လက်ရှိတွင် သေဆုံးသူ ဦးဝင်းမြင့်ထွန်း၏ ရုပ်အလောင်းကို ဆိပ်မူရပ်ကွက်ရှိ ၎င်း၏နေအိမ်သို့ ပြန်လည်ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။
ဖားကန့်ကျောက်စိမ်းနယ်မြေ၌ မိုးရာသီကာလများတွင် မြေစာပုံပြိုကျခြင်း၊ နွံကန်ပေါက်ကျခြင်းနှင့် ကျောက်ရှာဖွေစဉ် ရေကန်အတွင်း ပြုတ်ကျသေဆုံးခြင်းများ မကြာခဏ ဖြစ်ပွားလေ့ရှိရာ ရေမဆေးကျောက်ရှာဖွေသူများအနေဖြင့် အထူးသတိပြုရမည့် အချိန်ဖြစ်သည်။
ပြီးခဲ့သည့် မေလ (၂၆) ရက်နေ့ကလည်း အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာတွင် ကိုမောင်မောင်ဆိုသူမှာ မြေစာပြိုကျရာမှ ကျောက်ခဲပိမိကာ သေဆုံးခဲ့သေးသည်။
ထို့ကြောင့် မိုးတွင်းကာလ လုပ်ကွက်များအတွင်း သွားလာလှုပ်ရှားရာ၌ အထူးသတိပြုကြရန် ဒေသခံများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက သတိပေးနှိုးဆော်ထားသည်။



Comments