ဖားကန့်မြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းပြီး ရေနုတ်မြောင်းများ ပိတ်ဆို့မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်အချို့ ရေကြီးရေလျှံဖြစ်ပွား
- Horizons News

- Jun 15
- 1 min read
ဖားကန့် ၊ ဇွန် ၁၅ ၊ Horizons

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ (၁၀) ရက်နေ့မှစတင်၍ မိုးဆက်တိုက်ရွာသွန်းခဲ့ရာ ဇွန်လ (၁၄) ရက်နေ့ မွန်းတည့် (၁၂) နာရီဝန်းကျင်မှစတင်ကာ မြို့ပေါ်နှင့် မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒေသခံများ၏ ပြောပြချက်အရ ယခုရေကြီးမှုသည် ချောင်းရေလျှံတက်လာခြင်းကြောင့် မဟုတ်ဘဲ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေနုတ်မြောင်းများ ပိတ်ဆို့နေမှုကြောင့် ဖြစ်ကြောင်း သိရသည်။
လုံးခင်းဒေသခံ အမျိုးသမီးတစ်ဦးက "အရင် ၆ ရက်လောက်တည်းက ရွာနေတာ။ မိုးရွာတော့ ရေတွေက ထွက်မယ့်နေရာမရှိတော့ မြောင်းထဲကနေ ပြန်လျှံတက်လာတာပေါ့။ အခုညနေပိုင်းတော့ မိုးတိတ်သွားပြီး တဖြည်းဖြည်း ပြန်ကျသွားပါတယ်" ဟု ရှင်းပြသည်။
ယမန်နေ့က မိုးသည်းထန်မှုကြောင့် ဖားကန့်ကျောက်ဝိုင်း အနီးတစ်ဝိုက်၊ ငှက်ပျောတောရပ်ကွက်၊ နမ့်မော်ဒေသနှင့် လုံးခင်းမြို့တို့တွင် ရေဝင်ရောက်မှုများ ကြုံတွေ့ခဲ့ရပြီး လုံးခင်းတွင် ဈေးအတွင်းအထိ ရေဝင်ရောက်ခဲ့သဖြင့် ဈေးသူဈေးသားများ အခက်အခဲကြုံတွေ့ခဲ့ရသည်။
လက်ရှိအချိန်တွင် ဥရုချောင်းရေမှာ စိုးရိမ်ရေမှတ်သို့ မရောက်ရှိသေးသော်လည်း ယခုကဲ့သို့ မိုးဆက်လက်ရွာသွန်းနေပါက ချောင်းရေလျှံတက်လာပြီး ရေကြီးရေလျှံမှု ပိုမိုဆိုးရွားလာမည်ကို ဒေသခံများက များစွာစိုးရိမ်လျက်ရှိသည်။
လွတ်လပ်သော မိုးလေဝသပညာရှင် ဒေါက်တာစိုးခွန်အာကာ၏ ဇွန်လ (၁၃) ရက်နေ့ ထုတ်ပြန်ချက်အရ လာမည့် (၄၈) နာရီအတွင်း ဖားကန့်မြို့နယ်အပါအဝင် လုံးခင်း၊ ဆိပ်မူ၊ တာမခန်၊ လုံးတုံ၊ မမုန်ကိုင်၊ မိုင်းနောင်၊ လယ်ပုံလေး၊ ရွှေလက်ပန်၊ နမ့်မွန်း၊ ဟဲပန်၊ နန့်ပတဲ၊ လုံးကောက်၊ လွဲမွန်၊ ညောင်ပင်၊ အင်းတော်ကြီး၊ ပင်းဘော၊ ရွာသစ်၊ ပင်းဟဲ၊ ဟဲလုံ၊ မော်ဟန်၊ နန့်စီးအောင်၊ ဗန်းမောက်၊ အင်းတော်၊ ကသာ၊ ပင်လည်ဘူး၊ ဝန်သို၊ ကောလင်း၊ ဟိုပင်၊ နန်းမား၊ မိုးညှင်း၊ မော်လူး၊ သဖန်းဆိပ်ဆည်၊ ကျွန်းလှ၊ ကန့်ဘလူနှင့် ထီးချိုင့် စသည့်ဒေသများတွင် မိုးပိုမိုများပြားလာနိုင်ပြီး မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြေရှိသဖြင့် ပြည်သူများအနေဖြင့် ကြိုတင်သတိပြု နေထိုင်ကြရန် နှိုးဆော်ထားသည်။



Comments