top of page
Logo-Icon.png

ဗင်နီဇွဲလားတွင် ၇ ဒသမ ၅ နှင့် ၇ ဒသမ ၂ အဆင့်ရှိ ငလျင်ကြီးနှစ်ခု ဆက်တိုက်လှုပ်ခတ်ပြီး အဆောက်အအုံများ ပြိုကျပျက်စီး

ကာရာကပ်စ်၊ ဇွန် ၂၅ ၊ Horizons



ဗင်နီဇွဲလားနိုင်ငံတွင် ဇွန်လ ၂၄ ရက် ညနေပိုင်းက ပြင်းအား ၇ ဒသမ ၅ နှင့် ၇ ဒသမ ၂ အဆင့်ရှိ ငလျင်ကြီးနှစ်ခု တစ်မိနစ်ခန့်သာ ကွာခြား၍ ဆက်တိုက်လှုပ်ခတ်ခဲ့သဖြင့် မြို့တော် ကာရာကပ်စ်အပါအဝင် ဒေသအချို့၌ အဆောက်အအုံများစွာ ပြိုကျပျက်စီးခဲ့ကာ လူထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။


အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (USGS) ၏ ထုတ်ပြန်ချက်အရ ပထမအကြိမ် ၇ ဒသမ ၂ အဆင့်ရှိ ငလျင်သည် မြေအောက်အနက် ၂၂ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး တစ်မိနစ်ခန့်အကြာတွင် ၇ ဒသမ ၅ အဆင့်ရှိ ဒုတိယငလျင်က မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုကာ ထပ်မံလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။


ယခုငလျင်များသည် ဗင်နီဇွဲလားနိုင်ငံ၌ နှစ်ပေါင်းတစ်ရာကျော်အတွင်း အပြင်းထန်ဆုံးငလျင်များအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး မြို့ခံပြည်သူများမှာ အဆောက်အအုံများအတွင်းမှ အလုအယက် ထွက်ပြေးခဲ့ကြကာ လမ်းမများပေါ်တွင် ထိတ်လန့်တုန်လှုပ်စွာ နေထိုင်နေကြရသည်။



ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီးက အယ်လ်တာမီရာရပ်ကွက်တွင် နေအိမ်များ ပြိုကျပျက်စီးမှုကြောင့် စိုးရိမ်ဖွယ်အခြေအနေရှိနေပြီး လူထိခိုက်မှုများရှိနိုင်ကြောင်း နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် ပြောကြားခဲ့ကာ ကယ်ဆယ်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်၍ လူနာတင်ယာဉ်များအတွက် လမ်းဖယ်ပေးရန်နှင့် နောက်ဆက်တွဲငလျင်များ ထပ်မံလှုပ်ခတ်နိုင်သဖြင့် အဆောက်အအုံပြင်ပတွင်သာ ဆက်လက်နေထိုင်ကြရန် ပြည်သူများကို နှိုးဆော်ထားသည်။


အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် အမေရိကန် ပစိဖိတ်ဆူနာမီသတိပေးစင်တာက ဗာဂျင်ကျွန်းစုနှင့် ဒိုမီနီကန်သမ္မတနိုင်ငံတို့အတွက် ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။


ဗင်နီဇွဲလားနိုင်ငံသည် တောင်အမေရိကနှင့် ကာရစ်ဘီယံ ကျောက်ချပ်လွှာကြီးနှစ်ခုစပ်ကြားတွင် တည်ရှိသဖြင့် ပစိဖိတ်မီးကွင်းဂဟေဇုန်အတွင်းရှိ နိုင်ငံများကဲ့သို့ ငလျင်မကြာခဏ လှုပ်ခတ်လေ့မရှိဘဲ ယခုကဲ့သို့ အလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်မှုမှာ နိုင်ငံအတွက် အလွန်ရှားပါးသော ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း သိရှိရသည်။


Comments


bottom of page