ဘင်္ဂလားဒေ့ရှ်သို့ တရားမဝင် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦး တရားစွဲဆိုခံရမည်
- Horizons News

- 1 hour ago
- 1 min read
တက်က်နက် ၊ ဇူလိုင် ၂၂ ၊ Horizons

ရခိုင်ပြည်နယ်အတွင်းမှ နတ်မြစ်ကို ဖြတ်ကူး၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦးကို ဖမ်းဆီးရမိထားပြီး ကော့ဘဇား (Cox's Bazar) မြို့နယ်တရားရုံးသို့ ပို့ဆောင်ကာ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။
ဖမ်းဆီးခံရသူများမှာ မောင်တောမြို့မှ ဒုဗိုလ် ဟိန်းဌေးထက်၊ ရဲတပ်သား ဟိန်းဇော်နှင့် ဘူးသီးတောင်မြို့နယ် အမှတ် (၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (BGP) မှ စစ်ကောင်စီတပ်သား ကျော်နိုင် တို့ဖြစ်ကြကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ထုတ်ပြန်ထားသည်။
၎င်းတို့ (၃) ဦးသည် ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ မောင်တောမြို့နယ်၊ ကဝါဘီလ် (Kawar Bil) ကျေးရွာရှိ BGP တပ်ရင်း (၁) ဌာနချုပ်အနီး လူနေအိမ်တစ်လုံးတွင် အချိန်အတော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ဖြစ်ကြသည်။
ထို့နောက် ပြီးခဲ့သည့် ဇူလိုင်လ (၁၉) ရက် ည (၁၀) နာရီခန့်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ကြပြီး နတ်မြစ်ကမ်းစပ်အထိ (၆) ကီလိုမီတာခန့် ခြေလျင် လျှောက်ခဲ့ကြသည်။
ကမ်းစပ်သို့ ရောက်ရှိပြီးနောက် ပလတ်စတစ်ပုံးများကို အသုံးပြု၍ နတ်မြစ်ကို ဖြတ်ကူးခဲ့ကြရာ မြစ်အတွင်း (၂) နာရီခန့် မျောပါခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်ဘက်ကမ်း တက်က်နက် (Teknaf) မြို့နယ်၊ နိုက်တွန်ပါရာ (Naittong Para) ရှိ ရေခဲစက်ရုံအနီးသို့ ရောက်ရှိခဲ့ကြသည်။
ယင်းနောက် ထိုနေ့ နေ့လယ် (၁၂) နာရီခန့်တွင် အမှတ် (၂) BGB တပ်ရင်းလက်အောက်ခံ နယ်စပ်စခန်း တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ညပိုင်းတွင် တက်က်နက် မော်ဒယ်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ တက်က်နက် ရဲစခန်းအရာရှိ (OC) မိုဟာမက် ဆိုင်ဖူလ် အစ္စလာမ် (Md Saiful Islam) က ၎င်းတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် အမှုဖွင့်ထားကြောင်းနှင့် အင်္ဂါနေ့တွင် ကော့ဘဇားမြို့ တရားရုံးသို့ ပို့ဆောင်၍ တရားရင်ဆိုင်စေရန် စီစဉ်ထားကြောင်း မီဒီယာများကို အတည်ပြု ပြောကြားခဲ့သည်။



Comments