top of page
Logo-Icon.png

ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်း၏ ဆုကြေးငွေအပေါ် အမေရိကန်က အခွန်ကောက်ခံဖွယ်ရှိနေ

ဇူလိုင် ၂၂ ၊ Horizons



၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့သော စပိန်အသင်းအနေဖြင့် ၎င်းတို့ရရှိမည့် ဆုကြေးငွေများအပေါ် အမေရိကန်နိုင်ငံ၏ အခွန်စည်းမျဉ်းများနှင့်အညီ အခွန်ပေးဆောင်ရဖွယ်ရှိနေကြောင်း နိုင်ငံတကာသတင်းမီဒီယာများက ဖော်ပြကြသည်။


အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခဲ့သော ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် စပိန်အသင်းက အာဂျင်တီးနားအသင်းကို အချိန်ပိုတွင် ၁-၀ ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံဖြစ်ခဲ့သည်။ 


ဖီဖာမှ ချီးမြှင့်သည့် ဆုကြေးငွေများမှာ စပိန်အသင်းအတွက် စံချိန်တင် ဆုကြေး အမေရိကန်ဒေါ်လာ သန်း ၅၀၊ ဒုတိယရရှိသည့် အာဂျင်တီးနားအသင်းအတွက် အမေရိကန်ဒေါ်လာ ၃၃ သန်းနှင့် တတိယရရှိသည့် အင်္ဂလန်အသင်းအတွက် အမေရိကန်ဒေါ်လာ ၂၉ သန်း အသီးသီး ဖြစ်သည်။


ပြိုင်ပွဲဝင်ငွေများအနက် အမေရိကန်နိုင်ငံအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်များမှရရှိသော ဝင်ငွေများကို အမေရိကန်ပြည်တွင်းအခွန်များဌာန (IRS) က အခွန်စည်းကြပ်နိုင်ခြေရှိနေသည်။ 


အစီရင်ခံစာများအရ စပိန်အသင်း၏ ဆုကြေးငွေမှ အခွန်ပမာဏသည် အမေရိကန်ဒေါ်လာ ၄၄ သန်းခန့်အထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ 


သို့သော်လည်း နိုင်ငံအချင်းချင်း အခွန်နှစ်ထပ်မကောက်ခံရေး သဘောတူညီချက်များနှင့် အခွန်ကင်းလွတ်ခွင့် စည်းမျဉ်းများကြောင့် အမှန်တကယ် ပေးဆောင်ရမည့်ပမာဏမှာ ယင်းထက် လျော့နည်းသွားနိုင်ပါသည်။


ယင်းအခွန်စည်းမျဉ်းများသည် အသင်းအဖွဲ့များသာမက ပြိုင်ပွဲမှ ဝင်ငွေရရှိခဲ့သော ကစားသမားများ၊ နည်းပြများ၊ ဒိုင်လူကြီးများ၊ ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်များနှင့် ပြိုင်ပွဲအတွင်း တာဝန်ထမ်းဆောင်ခဲ့သည့် အခြားတာဝန်ရှိသူများအပေါ်တွင်လည်း သက်ရောက်မှုရှိနိုင်ပါသည်။ တစ်ဦးချင်းစီ၏ လစာ၊ ဆုကြေး၊ စပွန်ဆာနှင့် စီးပွားရေးဆိုင်ရာ ဝင်ငွေအမျိုးအစားများအပေါ် မူတည်၍ အခွန်ကျသင့်ငွေ ပမာဏ ကွာခြားမည်ဖြစ်သည်။


အိမ်ရှင်နိုင်ငံများဖြစ်သည့် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့သည် ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီကတည်းက အခွန်ကောက်ခံမှုနှင့် ဝင်ငွေခွဲဝေသတ်မှတ်ရေးကိစ္စများကို ကြိုတင်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး သက်ဆိုင်ရာ လမ်းညွှန်ချက်များကိုလည်း ထုတ်ပြန်ထားခဲ့သည်။


ယခင်ကျင်းပခဲ့သည့် ၂၀၁၀ တောင်အာဖရိက၊ ၂၀၁၄ ဘရာဇီး၊ ၂၀၁၈ ရုရှားနှင့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် အိမ်ရှင်နိုင်ငံများက ဖီဖာနှင့် ပြိုင်ပွဲဝင်အသင်းများအတွက် အခွန်ကင်းလွတ်ခွင့်များ ပေးအပ်ခဲ့သည်။ 


သို့သော် ယခု ၂၀၂၆ ကမ္ဘာ့ဖလားတွင်မူ ယင်းကဲ့သို့ ကင်းလွတ်ခွင့်မျိုး မရှိတော့ဘဲ အခွန်စည်းမျဉ်းများမှာ ယခင်ပြိုင်ပွဲများနှင့် နှိုင်းယှဉ်ပါက ပိုမိုရှုပ်ထွေးလာကြောင်း သုံးသပ်မှုများ ထွက်ပေါ်လျက်ရှိသည်။

Comments


bottom of page