top of page
Logo-Icon.png

မိုးကောင်းမြို့တွင် မြစ်ရေ စိုးရိမ်ရေမှတ်ထက် ၁၈၀ စင်တီမီတာအထိ ကျော်လွန်မြင့်တက်ကာ တစ်မြို့လုံးနီးပါး အရေးပေါ်ရေဘေးသင့်နေ

ကချင်၊ ဇွန် ၂၀ ၊ Horizons



ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုများကြောင့် မြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ၁၈၀ စင်တီမီတာအထိ စိုးရိမ်ဖွယ်ရာ ကျော်လွန်မြင့်တက်လာခဲ့ပြီး မြို့ပေါ်ရပ်ကွက်များနှင့် လမ်းမများအားလုံး ရေနစ်မြုပ်ကာ တစ်မြို့လုံး အရေးပေါ် ရေဘေးသင့်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။


မိုးကောင်းမြို့တွင် ယမန်နေ့ (ဇွန်လ ၁၉ ရက်) ညနေပိုင်းကတည်းက မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့ခြင်းဖြစ်ပြီး၊ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုနှင့်အတူ မိုးကောင်းမြစ်ရေသည်လည်း စိုးရိမ်ရေမှတ်ထက် ၁၈၀ စင်တီမီတာအထိ သိသိသာသာ ကျော်လွန်တက်လာခဲ့သည်။ ယနေ့ ဇွန်လ (၂၀) ရက်နေ့ နံနက်ပိုင်းတွင်မူ မြို့ပေါ်ရှိ လမ်းမများနှင့် ရပ်ကွက်များအားလုံးထဲသို့ ရေများ အရှိန်အဟုန်ဖြင့် တိုးဝင်လာခဲ့ပြီး တစ်မြို့လုံး ရေဘေးသင့်အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။


မြို့မစည်ပင်သာယာဈေးကြီးအနီးအထိ ရေများ အလုံးအရင်းဖြင့် တိုးကပ်လာနေပြီဖြစ်၍ မြို့ပေါ်ရှိ ပရဟိတကူညီရေးအသင်းများနှင့် ပြည်သူများက မနားတမ်း အားသွန်ခွန်စိုက် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ပေးနေရကြောင်း မြေပြင်သတင်းရင်းမြစ်တစ်ခုက ပြောကြားသည်။


လက်ရှိအချိန်အထိ မိုးကောင်းမြို့အထက်ပိုင်း၊ အနောက်ပိုင်းနှင့် မိုးညှင်းခရိုင်အတွင်း၌ မိုးဆက်လက်ရွာသွန်းနေဆဲဖြစ်ကာ ဧရာဝတီမြစ်ရေသည်လည်း လှိုင်းလုံးကြီးများဖြင့် ဆက်တိုက်မြင့်တက်နေသောကြောင့် ရေဘေးအန္တရာယ် ပိုမိုကြာရှည်ပြီး ထပ်မံဆိုးရွားလာနိုင်ကြောင်း ဒေသခံများက ခန့်မှန်းထားကြသည်။


အလားတူ ဟိုပင်နှင့် အင်းတော်ကြီးဒေသတို့တွင်လည်း ရေကြီးရေလျှံမှုများ စတင်ဖြစ်ပွားနေပြီး အထူးသဖြင့် အင်းတော်ကြီးဒေသရှိ ညောင်ပင်နှင့် နန်းမထီးကျေးရွာ အရှေ့ကမ်းဘက်တွင် အများပြည်သူသွားလာနေသည့် မော်တော်ကားလမ်းမကြီးများပေါ်၌ ရေများ အရှိန်အဟုန်ဖြင့် ကျော်လျှံစီးဆင်းနေကာ လူနေရပ်ကွက်များထဲအထိ ဝင်ရောက်နေကြောင်း သိရသည်။


ယခုကဲ့သို့ မိုးကောင်းမြို့တွင် ရေဘေးအန္တရာယ်ကို အဆိုးရွားဆုံး ရင်ဆိုင်နေရသဖြင့် မြစ်ကြီးနား၊ ဟိုပင်နှင့် ပင်ဘောမြို့များရှိ လူမှုကူညီရေးနှင့် ကယ်ဆယ်ရေးအသင်းအဖွဲ့များက မိုးကောင်းမြို့သို့ သွားရောက်ပူးပေါင်းကူညီနိုင်ရန်အတွက် အရေးပေါ်ပြင်ဆင်မှုများကို အင်တိုက်အားတိုက် လုပ်ဆောင်နေကြပြီဖြစ်ကြောင်း သတင်းရရှိသည်။



Comments


bottom of page