မြောက်ဥက္ကလာပတွင် ပန်းရံလုပ်ကိုင်သူ အမျိုးသားတစ်ဦး ပေါ်တာဆွဲခံရကာ ဘုရင့်နောင်စစ်ကြောရေးသို့ ရောက်ရှိနေ
- Horizons News

- 1 hour ago
- 1 min read
ရန်ကုန် ၊ ဇူလိုင် ၂၃ ၊ Horizons

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပန်းရံအလုပ်သွားလုပ်စဉ် ပျောက်ဆုံးသွားခဲ့သည့် ကလေး (၂) ဦး၏ ဖခင်ဖြစ်သူ ကိုနေထက်လင်းမှာ စစ်ကောင်စီတပ်၏ ပေါ်တာဆွဲဖမ်းဆီးခြင်းကို ခံလိုက်ရပြီး လတ်တလောတွင် လှိုင်မြို့နယ်ရှိ ဘုရင့်နောင်စစ်ကြောရေးစခန်း၌ ရောက်ရှိနေကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၊ ဇရပ်ကွက်၊ ဥဇနာ (၃) လမ်းတွင် နေထိုင်သည့် အသက် (၂၇) နှစ်အရွယ် ကိုနေထက်လင်းသည် ပြီးခဲ့သည့် ဇူလိုင်လ (၁၅) ရက်နေ့က ပန်းရံအလုပ်သွားရောက် လုပ်ကိုင်စဉ် နေအိမ်သို့ ပြန်မရောက်လာဘဲ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မိသားစုဝင်များက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့တွင် လူပျောက်တိုင်ကြားကာ လိုက်လံရှာဖွေခဲ့သော်လည်း သဲလွန်စ မတွေ့ရှိခဲ့ပေ။ သို့သော် ဇူလိုင်လ (၂၂) ရက်နေ့တွင်မူ ၎င်းမှာ စစ်တပ်၏ စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခြင်းခံရကာ ဘုရင့်နောင်စစ်ကြောရေးတပ်သို့ ရောက်ရှိနေကြောင်း မိတ်ဆွေဖြစ်သူများထံမှတစ်ဆင့် စုံစမ်းသိရှိခဲ့ရသည်။
"မြောက်ဥက္ကလာပမြို့နယ်က ကိုနေထက်လင်းက ဘုရင့်နောင်စစ်ကြောရေးတပ်မှာ စစ်မှုထမ်းအဖြစ် စုဆောင်းခံထားရပါတယ်" ဟု ၎င်း၏ မိတ်ဆွေဖြစ်သူက အတည်ပြု ပြောဆိုသည်။
ကိုနေထက်လင်းသည် ပန်းရံအလုပ်ဖြင့် မိသားစုစားဝတ်နေရေးကို အဓိက တာဝန်ယူ ရှာဖွေကျွေးမွေးနေသူဖြစ်သည်။ ယခုကဲ့သို့ ရုတ်တရက် ဖမ်းဆီးခံရမှုကြောင့် ဇနီးဖြစ်သူနှင့်အတူ ကျန်ရစ်ခဲ့သည့် အသက် (၁) လအရွယ်နှင့် (၄) နှစ်အရွယ် ကလေးငယ် (၂) ဦးတို့၏ မိသားစုစားဝတ်နေရေးအတွက် ကြီးမားသော အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။



Comments