မာရာဒိုနာ သမိုင်းဝင် ဂိုးသွင်းခဲ့သည့် ဘောလုံး ဒေါ်လာ ၃ ဒသမ ၃၅ သန်းဖြင့် လေလံအောင်
ဩဂုတ် ၂၄၊ Horizons

၁၉၈၆ ကမ္ဘာ့ဖလား အင်္ဂလန်နှင့် ပွဲစဉ်၌ မာရာဒိုနာ၏ "ဘုရားသခင်၏လက်" ဂိုး သွင်းယူခဲ့သည့် သမိုင်းဝင် ဘောလုံးကို ဒေါ်လာ ၃ ဒသမ ၃၅ သန်းဖြင့် လေလံအောင်သွားခဲ့ကြောင်း Heritage Auctions က ထုတ်ပြန်သည်။

အာဂျင်တီးနားက အင်္ဂလန်ကို ၂ ဂိုး - ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ကွာတားဖိုင်နယ် ပွဲစဉ်တွင် Adidas Azteca အမျိုးအစား အဆိုပါ ဘောလုံးကို အသုံးပြုခဲ့ခြင်းဖြစ်သည်။အမေရိကန်နိုင်ငံ ဒါလတ်စ်မြို့အခြေစိုက် လေလံကုမ္ပဏီသည် ပွဲစဉ်အတွင်း ရိုက်ကူးထားသည့် ဓာတ်ပုံများနှင့် တိုက်ဆိုင်စစ်ဆေးထားသော အဆိုပါ ဘောလုံးကို စနေနေ့တွင် လေလံတင်ခဲ့သည်။
လေလံကြေးမှာ လေလံမတင်မီ ကနဦး ခန့်မှန်းထားသည့် အနည်းဆုံး ဒေါ်လာ ၁၀ သန်းအောက် များစွာ လျော့နည်းခဲ့ကြောင်း သိရသည်။လေလံမတင်မီအချိန်က ယင်းဘောလုံးသည် မည်သည့် အားကစားတွင်မဆို အကျော်ကြားဆုံး ဘောလုံးဖြစ်ပြီး ဘောလုံးသမိုင်းတွင် ရောင်းချရသမျှ တန်ဖိုးအရှိဆုံး အားကစားပစ္စည်း ဖြစ်လာနိုင် ကြောင်း မျှော်လင့်ခဲ့ကြသည်။
မာရာဒိုနာ၏ ပထမဂိုးမှာ အင်္ဂလန်ဂိုးသမား ပီတာရှီတန်ကို ကျော်လွန်၍ ဘယ်ဘက်လက်ဖြင့် ပုတ်သွင်းခဲ့ခြင်းဖြစ်ပြီး ဒိုင်လူကြီးများက ဂိုးအဖြစ် သတ်မှတ်ပေးခဲ့သဖြင့် "ဘုရားသခင်၏လက်" ဖြင့်သွင်း သောဂိုးဟု ကျော်ကြားခဲ့သည်။ယင်းဂိုးရပြီး ၄ မိနစ်အကြာတွင် မာရာဒိုနာသည် မိမိဘက်ခြမ်းမှစ၍ အင်္ဂလန် ကစားသမား ၅ ဦး ကို လိမ်ခေါက်ကျော်ဖြတ်ကာ ရာစုနှစ်၏ အကောင်းဆုံးဂိုးအဖြစ် မဲပေးရွေးချယ်ခံရသည့် ဒုတိယဂိုးကို ထပ်မံသွင်းယူခဲ့သည်။
အဆိုပါဘောလုံးကို ပွဲစဉ်တွင် ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့သူ တူနီးရှားအမျိုးသား အလီဘင်နာ ဆာက ၃၆ နှစ်ကြာ သိမ်းဆည်းထားခဲ့ပြီး ၂၀၂၂ ခုနှစ်က လန်ဒန်လေလံပွဲတစ်ခုတွင် ပေါင် ၂ သန်း (ဒေါ်လာ ၂ ဒသမ ၃၇ သန်း) ဖြင့် ရောင်းချခဲ့ဖူးသည်။ထိုပွဲစဉ်တွင် မာရာဒိုနာ ဝတ်ဆင်ခဲ့သည့် အင်္ကျီမှာလည်း ၂၀၂၂ ခုနှစ်နှောင်းပိုင်း Sotheby's လေလံ ပွဲတွင် ဒေါ်လာ ၉ ဒသမ ၃ သန်းနီးပါးဖြင့် ရောင်းချခဲ့ရသည်။
News & Photo: TRT World




Comments