မက္ကလာ (Ewiniar) တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် ထိုင်ဝမ်တောင်ပိုင်းတွင် မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုများ ဆိုးရွားစွာဖြစ်ပွား
ထိုင်ပေ၊ ဇွန် ၂၆ ၊ Horizons

ဂျပန်နိုင်ငံဘက်သို့ ဦးတည်ရွေ့လျားနေသည့် မက္ကလာ (Ewiniar) တိုင်ဖွန်းမုန်တိုင်း၏ အပြင်ဘက် တိမ်တိုက်များ ဖြတ်သန်းမှုကြောင့် ဇွန်လ ၂၅ ရက်နေ့က ထိုင်ဝမ်တောင်ပိုင်း ဒေသအချို့နှင့် ထိုင်ပေမြို့တို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဆိုးရွားသည့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းသည် ထိုင်ဝမ်ကျွန်းပေါ်သို့ တိုက်ရိုက်ဝင်ရောက်ဖြတ်သန်းခြင်း မရှိခဲ့သော်လည်း မုန်တိုင်းတိမ်တိုက်များ၏ အရှိန်ကြောင့် နေရာအတော်များများတွင် မိုးများသွန်းအုံ့ခဲ့ပြီး၊ အထူးသဖြင့် တောင်ပိုင်းဒေသများဖြစ်သော ကောင်းရှုံ (Kaohsiung) မြို့နှင့် ပင်တုံး (Pingtung) ဒေသတို့တွင် မိုးများ အဆက်မပြတ် ရွာသွန်းခဲ့သည်။
ကောင်းရှုံမြို့ တောင်တန်းဒေသများနှင့် နီးစပ်သည့် ချီရှန်း (Qishan) ခရိုင်တွင် ဇွန်လ ၂၅ ရက် နံနက် ၄ နာရီခန့်မှစ၍ ရေကြီးမှုများ စတင်ဖြစ်ပွားခဲ့သည်။ ဒေသခံများ၏ အဆိုအရ မိုးစဲသွားချိန်တွင် ရေပြန်ကျသွားလေ့ရှိသော်လည်း မိုးပြန်လည်သည်းထန်လာသည်နှင့် တစ်ပြိုင်နက် ရေများ ပြန်လည်မြင့်တက်လာသည့် အခြေအနေမျိုးကို ဆက်တိုက် ကြုံတွေ့နေရကြောင်း သိရသည်။
ထို့အပြင် ပင်တုံးမြို့တွင်လည်း ရေမြောင်းများ ရေလျှံတက်ကာ လမ်းမများပေါ်၌ ရေဖုံးလွှမ်းနေသဖြင့် ယာဉ်များမှာ ရေကိုဖြတ်သန်း မောင်းနှင်နေရပြီး အချို့သောကားများမှာ ရေထဲတွင် စက်ရပ်ကာ သောင်တင်မှုများ ရှိခဲ့သည်။
ယင်းအခြေအနေနှင့် ပတ်သက်၍ ချန်ကျိမြို့နယ် အရာရှိ ဝူလန်ချင်းက ယခုကဲ့သို့ ရှင်းလင်းပြောကြားခဲ့သည်။
"မိုးက ပုံမှန်ထက် လွန်လွန်ကဲကဲနဲ့ အချိန်တိုအတွင်းမှာပဲ အများကြီး ရွာချလိုက်တာကြောင့် ရေမြောင်းတွေက ရေကို ကောင်းကောင်းမထုတ်နိုင်တော့ဘဲ လမ်းမတွေပေါ် ရေလျှံကုန်တာ ဖြစ်ပါတယ်"
လက်ရှိအချိန်အထိ ယခုရေကြီးရေလျှံမှုများကြောင့် လူထိခိုက်သေဆုံးမှု တစ်စုံတစ်ရာ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ သို့သော်လည်း လာမည့်ရက်သတ္တပတ်အထိ ထိုင်ဝမ်ဒေသတွင်း မိုးဆက်လက်ရွာသွန်းနိုင်ခြေရှိသည်ဟု ခန့်မှန်းထားချက်များအရ ဒေသခံပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကို အထူးသတိပြု နေထိုင်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။




Comments