top of page
Logo-Icon.png

မန်ယူဂန္တဝင်ကစားသမား (၄) ဦး၏ ရန်ကုန်ခရီးစဉ်ဖျက်သိမ်းရန် အွန်လိုင်းလက်မှတ်ရေးထိုး တောင်းဆို

Sep 8
1 min read

ရန်ကုန် ၊ စက်တင်ဘာ ၈ ၊ Horizons



မန်ချက်စတာယူနိုက်တက်အသင်း၏ဂန္တဝင်ကစားသမားဟောင်းများဖြစ်ကြသည့် Ryan Giggs၊ Dimitar Berbatov၊ Andersonနှင့်Patrice Evraတို့၏ ရန်ကုန်ခရီးစဉ်ကိုဖျက်သိမ်းပေးရန် အွန်လိုင်းလက်မှတ်ရေးထိုး တောင်းဆိုမှုတစ်ရပ်စတင်ပြုလုပ်လျက်ရှိသည်။


အဆိုပါကစားသမားဟောင်း(၄)ဦးသည် လာမည့်အောက်တိုဘာလ(၃၀)ရက်မှ နိုဝင်ဘာလ(၁)ရက်အထိ ရန်ကုန်မြို့သို့ လာရောက်ကာ ပရိသတ်များနှင့်တွေ့ဆုံပွဲပြုလုပ်ရန်စီစဉ်ထားကြောင်း ပွဲစီစဉ်သူများဘက်က ဖော်ပြထားသည်။


ခရီးစဉ်ဖျက်သိမ်းရန်တောင်းဆိုထားသည့် Change.orgလက်မှတ်ရေးထိုးလှုပ်ရှားမှုကို ပြီးခဲ့သည့်စက်တင်ဘာလ(၅)ရက်တွင်စတင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏လက်ရှိနိုင်ငံရေးနှင့် လူ့အခွင့်အရေးအခြေအနေများကြောင့် အဆိုပါခရီးစဉ်ကိုပြန်လည်သုံးသပ်ရန်တောင်းဆိုထားခြင်းဖြစ်သည်။


တောင်းဆိုသူများက မန်ယူဂန္တဝင်ကစားသမားများ၏ခရီးစဉ်ကို အကြမ်းဖက်စစ်ကောင်စီဘက်က နိုင်ငံအတွင်း ပုံမှန်အခြေအနေရှိနေသကဲ့သို့ပုံဖော်ရန်နှင့် နိုင်ငံတကာတွင်တရားဝင်မှုရရှိရန်အသုံးချနိုင်သည်ဟု ဝေဖန်ထောက်ပြထားကြသည်။


ထို့အပြင်ဘောလုံးအားကစားသည် စည်းလုံးညီညွတ်မှုနှင့်တရားမျှတမှုကို ကိုယ်စားပြုသည့်အားကစားဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင်ဖိနှိပ်ခံနေရသည့် ပြည်သူများနှင့်အတူ ရပ်တည်ကြောင်းပြသရန် ခရီးစဉ်ကိုဖျက်သိမ်းပေးသင့်ကြောင်းလည်းတောင်းဆိုထားသည်။


အဆိုပါအွန်လိုင်းလက်မှတ်ရေးထိုးမှုတွင်Ryan Giggs၊ Dimitar Berbatov၊ Andersonနှင့်Patrice Evraတို့ထံ သီးခြားမေတ္တာရပ်ခံစာများပေးပို့ရန်နှင့် မြန်မာနိုင်ငံခရီးစဉ်ကို ပြန်လည်သုံးသပ်ဖျက်သိမ်းပေးရန် အဓိကတောင်းဆိုထားသည်။


လက်ရှိအချိန်အထိ အဆိုပါမန်ယူဂန္တဝင်ကစားသမား(၄)ဦးဘက်က ယင်းလက်မှတ်ရေးထိုးတောင်းဆိုမှုနှင့်ပတ်သက်၍ ခရီးစဉ်ဖျက်သိမ်းမည်(သို့မဟုတ်)ပြန်လည်သုံးသပ်မည်ဆိုသည့် တရားဝင်ထုတ်ပြန်ချက်တစ်စုံတစ်ရာထွက်ပေါ်လာခြင်းမရှိသေးပေ။


Comments


bottom of page