မယ်ရီနို၏ နောက်ကျအနိုင်ဂိုးဖြင့် ဘယ်လ်ဂျီယမ်ကို အနိုင်ယူကာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်သို့ စပိန် တက်ရောက်
- Horizons News

- 6 days ago
- 1 min read
လော့စ်အိန်ဂျလိစ် ၊ ဇူလိုင် ၁၁ ၊ Horizons

၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ပြိုင်ပွဲ၏ ကွာတားဖိုင်နယ် ပွဲစဉ်တစ်ပွဲအဖြစ် စနေနေ့ မနက် ၁:၃၀ တွင် လော့စ်အိန်ဂျလိစ် ကွင်းကြီး ၌ စပိန်နှင့် ဘယ်လ်ဂျီယမ်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ စပိန်အသင်းက (၂-၁) ဂိုးဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည်။
စပိန်အသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၃၀ မိနစ်တွင် ဖေဘီယန် ရုဇ် နှင့် ၈၈ မိနစ်တွင် လူစားဝင်ကစားသမား မယ်ရီနို တို့က သွင်းယူပေးခဲ့ပြီး ဘယ်လ်ဂျီယမ်အသင်းအတွက် တလုံးတည်းသော ချေပဂိုးကို ၄၁ မိနစ်တွင် ဒီကက်တယ်လာရီ က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

နည်းပြ လူးဝစ် ဒီလာဖွန်တေ ကိုင်တွယ်သော စပိန်အသင်းသည် ဆီမီးဖိုင်နယ်တွင် ပြင်သစ်အသင်းနှင့် ဒါးလက်စ်ကွင်းကြီး ၌ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ပွဲစဉ်တစ်ပွဲအဖြစ် ဆက်လက်ရင်ဆိုင်ကစားရမည်ဖြစ်သည်။
ယခုပွဲစဉ်တွင် ပက်ဒရီ၏နေရာ၌ မထင်မှတ်ဘဲ ပွဲထွက်ခွင့်ရခဲ့သည့် ဖေဘီယန် ရုဇ်က စပိန်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဒါနီ အိုလ်မို ၏ ကန်ချက်ကို ဘယ်လ်ဂျီယမ်ဂိုးသမား ကော်တိုရစ် ပုတ်ထုတ်ရာမှ ပြန်ထွက်လာသည့်ဘောလုံးကို ရုဇ်က ပိတ်သွင်းခဲ့ခြင်းဖြစ်သည်။ ယင်းနောက် စပိန်တောင်ပံကစားသမား လမင်း ယာမယ်လ် ၏ ထိုးဖောက်ကန်ချက်မှာ ဂိုးဘေးမှ အနည်းငယ် ကပ်ထွက်သွားခဲ့သည်။
ပထမပိုင်းမပြီးမီတွင် ဘယ်လ်ဂျီယမ်အသင်း ချေပဂိုးပြန်လည်ရရှိခဲ့ပြီး ကီဗင် ဒီဘရိုင်းနား ၏ အမြင်ကျယ်ကျယ် ပေးပို့မှုမှတစ်ဆင့် ကာစတက်ဂ်နီ က ဖြတ်တင်ဘောပို့ပေးရာ လူကျွံဘေးမှ လွတ်ထွက်လာသည့် ဒီကက်တယ်လာရီက ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
သို့သော် ပွဲချိန် ၇၁ မိနစ်တွင် ဘယ်လ်ဂျီယမ်အသင်း၏ အဓိကဂိုးသမားကြီး ကော်တိုရစ် ဒဏ်ရာရရှိသွားသဖြင့် လူစားလဲခဲ့ရပြီး ၎င်း၏နေရာတွင် လမ်းမန်းစ် ဝင်ရောက်လာခဲ့သည်။
ပွဲချိန် ၈၈ မိနစ်တွင် စပိန်ကစားသမား ပေါင်း ကူဘာစီ ၏ အဝေးကန်ချက်ကို ဂိုးသမား လမ်းမန်းစ် ဖမ်းယူနိုင်ခြင်းမရှိဘဲ လွတ်ထွက်သွားရာမှ ကွင်းထဲသို့ လူစားဝင်လာသည်မှာ မိနစ်ပိုင်းသာရှိသေးသည့် မယ်ရီနိုက အပြင်းကန်သွင်းကာ စပိန်အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့ခြင်းဖြစ်သည်။



Comments