ရွှေပြည်သာ ဝါးတရာစက်မှုဇုန်ရှိ အိတ်ချုပ်စက်ရုံ အလုပ်သမား ၂၀၀ ကျော် လုပ်ခလစာတိုးမြှင့်ပေးရန် တောင်းဆို
ရန်ကုန် ၊ ဇွန် ၂၂ ၊ Horizons

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ Myanmar Chaofa Leatherware Limited အိတ်ချုပ်စက်ရုံမှ အလုပ်သမား ၂၀၀ ကျော်သည် ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့မှစတင်ကာ ယနေ့အထိ လုပ်ခလစာများ တိုးမြှင့်ပေးရန် တောင်းဆိုမှုများ ပြုလုပ်နေကြောင်း သိရသည်။
သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ၏ အသိပေးချက်အရ အလုပ်သမားများက စက်မြင့်ချုပ်သမားကို တစ်ရက်လျှင် ၁၀,၇၀၀ ကျပ်၊ စက်နိမ့်ချုပ်သမားကို ၁၀,၅၀၀ ကျပ်နှင့် အခြေခံဒေးကြေး ၁၂,၀၀၀ ကျပ်ကို တန်းတူပေးရန် တောင်းဆိုထားကြသည်။
ထို့ပြင် အချိန်ပိုကြေး (OT) ကို ယခင် ၂,၀၀၀ ကျပ်မှ ၃,၀၀၀ ကျပ်သို့ တိုးမြှင့်ပေးရန်၊ ရက်မှန်ကြေးကို ၃၀,၀၀၀ ကျပ်မှ ၅၀,၀၀၀ ကျပ်သို့ တိုးမြှင့်ပေးရန်နှင့် အလုပ်သမားများအတွက် ဖယ်ရီကား၊ သန့်စင်ခန်းနှင့် သောက်သုံးရေ ပံ့ပိုးမှုများကို ဖြတ်တောက်ခြင်းမပြုရန်လည်း ထည့်သွင်းတောင်းဆိုထားကြသည်။
လက်ရှိတွင် ရွှေပြည်သာမြို့နယ် အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများက စက်ရုံတွင်းသို့ ဝင်ရောက်လာပြီး အလုပ်ရှင်အလိုကျ တစ်ဖက်သတ် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။ အလုပ်သမားအဖွဲ့အစည်းများကို အသိအမှတ်မပြုဘဲ ၎င်းတို့စိတ်တိုင်းကျ စီမံခန့်ခွဲမှုများ ပြုလုပ်နေခြင်းကြောင့် အဆိုပါ ညှိနှိုင်းဆောင်ရွက်မှုများကို စောင့်ကြည့်မှတ်တမ်းတင်သွားမည်ဖြစ်ကြောင်း STUM က ထုတ်ပြန်ထားသည်။
ယင်းအပြင် ဝါးတရာစက်မှုဇုန်အတွင်းရှိ Lesmart (Myanmar) Apparel Company Limited အထည်ချုပ်စက်ရုံတွင်လည်း အလုပ်သမားများကို အချိန်ပို (OT) များ အတင်းအကျပ် ဆက်တိုက်ဆင်းခိုင်းနေသည့် ပြဿနာများရှိနေကြောင်း STUM အဖွဲ့ထံမှ သိရှိရသည်။
(ဓာတ်ပုံ - STUM)




Comments