top of page
Logo-Icon.png

ရခိုင်ဒေသရှိ Kpay နှင့် KBZ ဘဏ်အကောင့်များ ပိတ်ဆို့ခံရသဖြင့် ငွေသားပြတ်လပ်မှုနှင့် ကုန်စည်စီးဆင်းမှု ကျပ်တည်းလာနိုင်ကြောင်း ဒေသခံများ စိုးရိမ်

ရခိုင်၊ ဇွန် ၁၃ ၊ Horizons



အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံများနှင့် ငွေလွှဲ/ငွေထုတ် လုပ်ငန်းလုပ်ကိုင်သူများ၏ KBZ Mobile Banking နှင့် Kpay အကောင့်အများအပြားသည် ဇွန်လ ၁၁ ရက်နေ့မှစတင်ကာ အသုံးပြု၍မရဘဲ ပိတ်ဆို့ခံထားရကြောင်း သိရသည်။ 


ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့ပိုင်းက ကမ္ဘောဇဘဏ် (KBZ) ၏ နည်းပညာစနစ်မြှင့်တင်မှု ပြုလုပ်ပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ အကောင့်အများအပြား တစ်ပြိုင်နက်တည်း အသုံးပြု၍မရဘဲ ဖြစ်သွားခဲ့ခြင်းဖြစ်သည်။


 အဓိကအားဖြင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ ငွေအဝင်အထွက်များသော ငွေလွှဲကိုယ်စားလှယ် အကောင့်များ ပိတ်ဆို့ခံရခြင်းဖြစ်ပြီး၊ အချို့သော လုပ်ငန်းရှင်များ၏ အကောင့်များထဲတွင် ငွေကျပ်သိန်းထောင်ချီအထိ ပိတ်မိနေကြောင်း ကျောက်တော်မြို့မှ ငွေလွှဲလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။


KBZ ဘဏ်၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇွန်လ ၁၁ ရက် ညပိုင်းမှ ဇွန်လ ၁၂ ရက် နံနက်ပိုင်းအထိ နည်းပညာအဆင့်မြှင့်တင်မှု ပြုလုပ်မည်ဖြစ်ပြီး ပြီးပါက ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်မည်ဟု ထုတ်ပြန်ခဲ့သော်လည်း လက်ရှိအချိန်အထိ ရခိုင်ဒေသခံများ၏ ဘဏ်အကောင့်များမှာ အသုံးပြု၍ မရသေးဘဲ ဖြစ်နေဆဲဖြစ်သည်။ 


ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် ဘဏ်လုပ်ငန်းများ ရပ်ဆိုင်းနေခဲ့ပြီး စစ်ကောင်စီ၏ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့မှုများကြောင့် ကုန်စည်နှင့် ငွေသားပြတ်လပ်မှုများကို ရင်ဆိုင်နေရချိန်တွင် ဒေသခံများနှင့် စစ်ဘေးရှောင်များမှာ ပြည်တွင်း/ပြည်ပရှိ မိသားစုဝင်များထံမှ လွှဲပို့ပေးသည့် ငွေကြေးများကို KBZ Pay၊ Wave Pay ကဲ့သို့သော အွန်လိုင်းငွေကြေးဝန်ဆောင်မှုများဖြင့်သာ အဓိကမှီခို အသုံးပြုနေရခြင်းဖြစ်သည်။


ယခုကဲ့သို့ ငွေကြေးစီးဆင်းမှု အဓိကလည်ပတ်နေသည့် အကောင့်များ ပိတ်ဆို့ခံရမှုကြောင့် ဒေသတွင်း၌ ငွေသားထုတ်ယူခနှုန်းထားများ ပိုမိုမြင့်တက်လာနိုင်ပြီး ပြည်ပရောက် မိသားစုဝင်များ၏ ထောက်ပံ့ငွေကို အားကိုးနေရသည့် စစ်ဘေးရှောင်များနှင့် ဒေသခံများအတွက် စားဝတ်နေရေး ပိုမိုကျပ်တည်းသွားနိုင်ကြောင်း မြောက်ဦးဒေသခံ အမျိုးသမီးတစ်ဦးက ထောက်ပြသည်။ 


ထို့အပြင် ကုန်သည်များအနေဖြင့်လည်း ကုန်ပစ္စည်းများ မှာယူရာတွင် ငွေပေးချေမှုနှင့် ငွေလဲလှယ်မှုများအတွက် အခက်အခဲ ကြီးမားစွာ ကြုံတွေ့ရနိုင်သဖြင့် ကုန်သွယ်ရေးစီးဆင်းမှုကိုပါ များစွာထိခိုက်လာနိုင်ကြောင်း သုံးသပ်နေကြပြီး၊ လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ပိတ်ဆို့ခံထားရသဖြင့် ရခိုင်ဒေသတွင်းရှိ ငွေသားစီးဆင်းမှုမှာ အလျော့ပြခိုင်နှုန်း ပိုများနေကာ ယခုကဲ့သို့ ဘဏ်အကောင့်များပါ ထပ်မံပိတ်ဆို့ခံရပါက ကြီးမားသော ငွေသားပြတ်လပ်မှုအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ကြောင်း ဒေသခံများက အထူးစိုးရိမ်ပူပန်လျက်ရှိသည်။

Comments


bottom of page