top of page
Logo-Icon.png

ရခိုင်နှင့် ပလက်ဝရှိ ပညာရေးဝန်ထမ်းများကို AA က လစာငွေများ စတင်ထောက်ပံ့မည်

Jun 15
1 min read

ရခိုင် ၊ ဇွန် ၁၅ ၊ Horizons



အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများကို လာမည့် ပညာသင်နှစ်မှစတင်ကာ လစဉ်လစာငွေများ စတင်ထောက်ပံ့ပေးတော့မည်ဖြစ်ကြောင်း အာရက္ခပညာရေးဌာန တာဝန်ရှိသူများထံမှ သိရသည်။ 


AA အနေဖြင့် မိမိတို့ ထိန်းချုပ်နယ်မြေအတွင်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစတင်ကာ အခြေခံပညာနှင့် အဆင့်မြင့်ပညာအတွက် ဝန်ဆောင်မှုပေးနိုင်ခဲ့သော်လည်း လစာပေးနိုင်ခြင်းမရှိခဲ့ဘဲ ယခုနှစ်တွင်မှ လစာများ စတင်ပေးအပ်မည်ဖြစ်သည်။


ယခင်နှစ်များက ဆရာ၊ ဆရာမများသည် ၎င်းတို့ သင်ကြားပေးသည့် ကျောင်းသားများထံမှ လစဉ်ကြေး ကောက်ခံ၍ ရပ်တည်ခဲ့ကြရပြီး ကျောင်းသားနည်းပါးသည့် ကျေးရွာများတွင် ဝင်ငွေဖြင့် အသုံးစရိတ် မလုံလောက်သည့် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ 


ယခုအခါတွင်မူ ထိုသို့မဟုတ်တော့ဘဲ တစ်ပြေးညီ လစာပေးမည့်ပုံစံမျိုး ဖြစ်လာမည်ဖြစ်ကြောင်း မြေပုံမြို့နယ်မှ မူလတန်းကျောင်းအုပ်ဆရာမကြီးတစ်ဦးက အတည်ပြုပြောကြားထားပြီး ဆရာမတစ်ဦးလျှင် တစ်လလျှင် ကျပ်သုံးသိန်းခန့် ရရှိမည်ဖြစ်ကြောင်း သိရသည်။


ယခုနှစ်တွင် AA ၏ ပညာရေးဌာနအနေဖြင့် ပုံစံပြောင်းလဲကာ လစာသတ်မှတ်လာခြင်းမှာ မညီမျှမှုများ မဖြစ်ပေါ်စေရန်နှင့် ပိုမိုစနစ်ကျစေရန် စီစဉ်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ 


ထို့အပြင် ပညာရေးဝန်ထမ်းအားလုံးကို ရာထူးဝင်စာမေးပွဲ ဖြေဆိုစေပြီးမှ အမိန့်စာ (Order) ဖြင့် ရာထူးအလိုက် ပြန်လည်တာဝန်ချထားမည်ဖြစ်ကာ ဝန်ထမ်းအင်အား လိုအပ်ပါက ရိုးရိုးဘွဲ့ရရှိထားသူများကိုပါ လေ့ကျင့်သင်တန်းပေး၍ ထပ်မံခန့်အပ်သွားမည်ဖြစ်သည်။ 


ယခင်က ဆရာအင်အား သုံးသောင်းဝန်းကျင် လိုအပ်သော်လည်း နှစ်သောင်းခန့်ဖြင့်သာ လည်ပတ်ခဲ့ရသဖြင့် အခြားရွာများမှ ဆယ်တန်းအောင်များကိုပါ ခေါ်ယူသင်ကြားခိုင်းခဲ့ရကာ ယခုကဲ့သို့ စနစ်တကျ အင်အားတိုးချဲ့လာမည့်အပေါ် ဝမ်းသာကြိုဆိုကြောင်း မြောက်ဦးမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးကလည်း ပြောဆိုသည်။


အာရက္ခတပ်တော် (AA) သည် ရခိုင်ဒေသရှိ မြို့နယ်များကို ၂၀၂၃ ခုနှစ်ကတည်းက စတင်သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးကဏ္ဍများအပြင် ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကိုပါ တိုးချဲ့လုပ်ဆောင်လျက်ရှိသည်။ 


လက်ရှိတွင် အခြေခံပညာအဆင့်များသာမက တက္ကသိုလ်အဆင့် အဝေးသင်၊ နေ့သင်တန်းများနှင့် သူနာပြု၊ သားဖွား၊ ဆေးသိပ္ပံစသည့် အဆင့်မြင့်ပညာကျောင်းများကိုပါ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။

Comments


bottom of page