ရန်ကုန်နှင့်အညာဒေသများမှ လူငယ် ၆၀ ကျော်အား မလေးရှားသို့ ပို့ပေးမည်ဟုဆိုကာ ငွေကျပ်သိန်း ၉,၀၀၀ ကျော် လိမ်လည်သူကို ဖမ်းဆီးထားသော်လည်း ရဲက အာမခံပေးရန် ကြိုးပမ်းနေ
- Horizons News

- 3 days ago
- 1 min read
ရန်ကုန် ၊ ဇူလိုင် ၁၉ ၊ Horizons

မလေးရှားနိုင်ငံတွင် အလုပ်ရရှိမည်ဟု လိမ်လည်ပြောဆိုကာ မြန်မာနိုင်ငံ ဒေသအသီးသီးမှ လူငယ် (၆၀) ကျော်ထံမှ စုစုပေါင်း ငွေကျပ်သိန်း ၉,၀၀၀ ကျော် လိမ်လည်ခဲ့သူအား သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီးထားသော်လည်း အမှုကို ကြန့်ကြာအောင်လုပ်ကာ အာမခံပေးရန် စီစဉ်နေကြောင်း နစ်နာသူများထံမှ သိရသည်။
လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာ၊ အောင်သုခလမ်းတွင် နေထိုင်သူ ဒေါ်ယုယုခိုင် ဆိုသူသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှစတင်၍ ရဲဝံ့နဂါး အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ စကားပြန်ဖြစ်ကြောင်းနှင့် ၎င်း၏ညီမမှာလည်း အဆိုပါအေဂျင်စီတွင် စာရေးမဖြစ်ကြောင်း ပြောဆိုကာ ငွေကြေးများ လိမ်လည်ခဲ့ခြင်း ဖြစ်သည်။
ယင်းလိမ်လည်မှုတွင် ထန်းတပင်၊ တွံတေး၊ အောင်လံ၊ မြန်အောင်၊ တောင်သာ၊ ပုဂံ-ညောင်ဦး၊ မုံရွာနှင့် အခြားဒေသများမှ လူငယ် ၆၀ ကျော် ပါဝင်ပြီး တစ်ဦးလျှင် ငွေကျပ်သိန်း (၁၃၀) နှင့်အထက် ကောက်ခံခဲ့ခြင်းကြောင့် စုစုပေါင်း ငွေကျပ်သိန်း ၉,၀၀၀ ကျော်အထိ ရှိခဲ့ကြောင်း သိရသည်။
ငွေများပေးသွင်းပြီး ၂ လမှ ၃ လအတွင်း မလေးရှားသို့ ထွက်ခွာရမည်ဟု ပြောဆိုခဲ့သော်လည်း အလုပ်ခေါ်စာ ကျမည့်ရက်ကို အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ပြီး အလုပ်ခေါ်စာအတုများနှင့် လေယာဉ်လက်မှတ်အတုများကိုပါ ပေးအပ်ခဲ့ကြောင်း နစ်နာသူများက ဆိုသည်။
ထို့နောက် ရန်ကုန်မှ တာချီလိတ်၊ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ကားဖြင့်သွားကာ မလေးရှားနိုင်ငံသို့ ဝင်ရောက်ရမည်ဖြစ်ပြီး ထပ်မံ၍ ငွေကျပ် (၄၅) သိန်း ပေးရမည်ဟု အဆင့်ဆင့် ပြောဆိုလာခဲ့သည်။
ယင်းအစီအစဉ်ကို စိတ်မချသဖြင့် မိဘများက သားသမီးများကို မစေလွှတ်တော့ဘဲ ငွေပြန်တောင်းခဲ့ရာတွင် နေ့ရွှေ့ညရွှေ့ဖြင့် ငွေပြန်မပေးဘဲ တိမ်းရှောင်နေခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် နစ်နာသူ လူငယ်များ၏ မိဘများက ထန်းတပင်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားပြီး ဒေါ်ယုယုခိုင်ကို ဖမ်းဆီးထိန်းသိမ်းထားသည်။
သို့ရာတွင် ရဲတပ်ဖွဲ့ဘက်မှ အမှုကို အချိန်ဆွဲ ကြန့်ကြာအောင် လုပ်ဆောင်နေပြီး ဒေါ်ယုယုခိုင်အား အာမခံရရှိရန် ကြိုးပမ်းပေးနေကြောင်း နစ်နာသူများက ပြောဆိုသည်။
အခြားသော နစ်နာသူများကလည်း ထန်းတပင်မြို့နယ်ရဲစခန်းတွင် သီးခြားအမှုများ ထပ်မံဖွင့်လှစ်ထားကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာနသို့ တိုင်ကြားရာတွင်လည်း သက်ဆိုင်ရာမြို့နယ်ရဲစခန်း၌သာ အမှုဖွင့်ဆောင်ရွက်ရန် ပြန်လည်ညွှန်ကြားခဲ့ကြောင်း သိရသည်။
တစ်ဖက်တွင်လည်း ရဲဝံ့နဂါး အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီက ဒေါ်ယုယုခိုင်၏ လုပ်ဆောင်ချက်များသည် ၎င်းတို့နှင့် လုံးဝသက်ဆိုင်ခြင်းမရှိဘဲ အေဂျင်စီအမည်ကို အလွဲသုံးစားပြုလုပ်ခြင်းသာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။
နစ်နာသူ မိဘအများစုမှာ သားသမီးများကို နိုင်ငံခြားသို့ စေလွှတ်နိုင်ရန် နေအိမ်များနှင့် ပိုင်ဆိုင်မှုများကို ပေါင်နှံရောင်းချ၍ ငွေစုပေးခဲ့ရခြင်းဖြစ်သည်။
ယခုအခါ မလေးရှားသို့ မသွားရသည့်အပြင် ငွေပြန်မရသဖြင့် အတိုးများတက်ကာ နေအိမ်အသိမ်းခံရခြင်း အပါအဝင် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။
"ကျမတို့က သူ့ကို ထောင်ကျစေချင်တာမဟုတ်ဘူး။ ကျမတို့ဆီက လိမ်သွားတဲ့ ပိုက်ဆံတွေ ပြန်ပေးရင် ရပါပြီ" ဟု လိမ်လည်ခံရသူ လူငယ်တစ်ဦး၏ မိခင်တစ်ဦးက ပြောဆိုသည်။



Comments