သွင်းကုန်ကန့်သတ်သည့် မူဝါဒများကြောင့် မွေးမြူရေးကုန်ကြမ်းရှားပါးကာ ကြက်သားနှင့် ကြက်ဥဈေးနှုန်းများ စံချိန်တင် မြင့်တက်
- Horizons News

- 1 day ago
- 1 min read
ရန်ကုန် ၊ ဇူလိုင် ၁၆ ၊ Horizons

စားနပ်ရိက္ခာဖူလုံရေးအတွက် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ရန် စစ်ကောင်စီအကြီးအကဲက မကြာခဏ ပြောဆိုနေသော်လည်း လက်တွေ့မြေပြင်တွင် ဗဟိုဘဏ်၏ ဒေါ်လာထိန်းချုပ်မှုနှင့် သွင်းကုန်ကန့်သတ်မှုများကြောင့် တိရစ္ဆာန်ဆေးဝါးနှင့် အစာကုန်ကြမ်းများ ပြတ်လပ်ကာ ယခုရက်ပိုင်းအတွင်း ကြက်သားနှင့် ကြက်ဥဈေးနှုန်းများ အဆမတန် မြင့်တက်လျက်ရှိသည်။
ရန်ကုန်မြို့တွင်း ဈေးကွက်များ၌ ယခုတစ်ပတ် တနင်္လာနေ့မှစတင်၍ အသားစား CP ကြက်သား ရင်ပုံသား (၁၀) သားလျှင် ယခင် ၂,၃၀၀ ကျပ်မှ ၃,၀၀၀ ကျပ် (တစ်ပိဿာ ၃၀,၀၀၀ ကျပ်) အထိ ဈေးမြင့်တက်သွားခဲ့သည်။
အလားတူ ကြက်ဥတစ်လုံးလျှင် ၃၆၀ မှ ၅၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့ရာမှ ယခုအခါ ၆၀၀ မှ ၇၀၀ ကျပ်အထိ စံချိန်တင် မြင့်တက်လာကြောင်း သိရသည်။ စည်ပင်ကားများနှင့် ကုန်တိုက်အချို့တွင် ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေသည်ဟု ဆိုသော်လည်း လက်တွေ့တွင် ပြည်သူများ လွယ်ကူစွာ ဝယ်ယူနိုင်ခြင်း မရှိတော့ပေ။
"အိမ်မှာ လူ ၃ ယောက်အတွက် တစ်ပတ်ကို ကြက်ဥ ၂၀ လောက် ပုံမှန်စားတယ်။ အရင်က စည်ပင်ကားတွေ ဈေးထဲလာရောင်းတာ အခုမတွေ့ရတော့ဘူး။ စင်တာတွေ သွားပြန်တော့လည်း ကုန်နေပြီ။ အပြင်ဆိုင်ကပဲ တစ်လုံး ၇၀၀ ကျပ် ပေးဝယ်နေရတယ်" ဟု စမ်းချောင်းမြို့နယ်မှ အိမ်ရှင်မတစ်ဦးက လက်ရှိအခက်အခဲကို ပြောဆိုသည်။
ရန်ကုန်လူဦးရေ ၃ သန်းခွဲအတွက် တစ်ရက် ကြက်ဥတစ်လုံးစားလျှင် ကြက် ၄ သန်းခန့် မွေးမြူရန် လိုအပ်ကြောင်း ညွှန်ကြားမှုများ ရှိနေသော်လည်း မြေပြင်တွင် သွင်းကုန်ပိတ်ပင်မှုများကြောင့် မွေးမြူရေးသမားများ အခက်တွေ့ကာ လုပ်ငန်းများ ပြိုလဲလျက်ရှိသည်။
မြန်မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ် (MLF) ၏ ၂၀၂၀ ပြည့်နှစ် စာရင်းများအရ ပြည်တွင်းမွေးမြူရေးကဏ္ဍတွင် နိုင်ငံခြားကုမ္ပဏီများက ၇၆ ရာခိုင်နှုန်းနှင့် ပြည်တွင်းလုပ်ငန်းရှင်များက ၂၄ ရာခိုင်နှုန်း ထုတ်လုပ်ခဲ့ကြောင်း သိရသည်။
သို့သော် လက်ရှိအချိန်တွင် ပြည်တွင်း အသေးစားနှင့် အလတ်စား မွေးမြူရေးလုပ်ငန်းရှင် အများစုမှာ အရင်းအနှီးနှင့် ကုန်ကျစရိတ် ကြီးမားလာမှုကြောင့် လုပ်ငန်းများ ရပ်နား သို့မဟုတ် ပိတ်သိမ်းထားရသည်။
ထို့ကြောင့် ပြည်တွင်း၌ စားသုံးနေသည့် ကြက်သားနှင့် ကြက်ဥ ၈၅ ရာခိုင်နှုန်းကျော်သည် ထိုင်းအခြေစိုက် CP နှင့် တရုတ်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား အခြေစိုက် နိုင်ငံခြားကုမ္ပဏီကြီးများ၏ ကန်ထရိုက်စနစ်အပေါ်တွင်သာ အဓိက မှီခိုနေရကြောင်း သိရသည်။
"မွေးမြူရေးတိုးတက်ဖို့ နှုတ်ကပဲ ညွှန်ကြားနေပေမဲ့ မြေပြင်မှာ မျိုးကြက်ဥ၊ ကြက်ပေါက်၊ ကြက်အစာနဲ့ ဆေးဝါးတွေက နိုင်ငံခြားက သွင်းရတာ။ သွင်းကုန်ပိတ်ထားတော့ ဘာမှလုပ်လို့မရဘူး။ ကုန်ကြမ်းရှားတော့ ဈေးက ကြီးလာရတာ" ဟု ပြည်တွင်း မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက လက်ရှိကြုံတွေ့နေရသော မူဝါဒပိုင်းဆိုင်ရာ လွဲမှားမှုများ၏ အကျိုးဆက်ကို သုံးသပ်ပြောဆိုထားသည်။



Comments