သဖန်းဆိပ်ဆည်မှ ရေထပ်မံလွှတ်ချမှုကြောင့် မူးမြစ်ကမ်းဘေးရှိ ကျေးရွာများ အရေးပေါ် ရွှေ့ပြောင်းနေရ
မြင်းမူ ၊ ဩဂုတ် ၁၃ ၊ Horizons

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်ရှိ ကာဘိုးဆည်မှ ယနေ့နံနက်ပိုင်းတွင် ရေများ ထပ်မံလွှတ်ချလိုက်သည့်အတွက် မူးမြစ်ဘေး အနီးဝန်းကျင်ရှိ ကျေးရွာများအနေဖြင့် ဘေးလွတ်ရာသို့ အရေးပေါ် တိမ်းရှောင်နေကြရကြောင်း တော်လှန်ရေး သတင်းရင်းမြစ်နှစ်ဦးထက်မနည်းထံမှ သိရသည်။
မြင်းမူမြို့နယ်ရှိ ကာကွယ်ရေးရဲဘော်တစ်ဦးက “ကာဘိုးဆည်ကနေ ရေ ၆၇,၅၀၀ ထပ်လွှတ်လိုက်တဲ့အတွက် မူးမြစ်ဘေးက ပြည်သူတွေ အရေးပေါ် ရွှေ့ပြောင်းကြဖို့ ရွာဦးကျောင်းတွေကနေ အသံချဲ့စက်တွေနဲ့ လိုက်လံသတိပေး နှိုးဆော်နေပါတယ်” ဟု ပြောကြားသည်။ အခြားသော ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးကလည်း ဆည်ရေ ထပ်မံလွှတ်ချသည့် သတင်းကို ဆက်သွယ်ရေးစက်မှတစ်ဆင့် ကြားသိရကြောင်း အတည်ပြု ပြောဆိုသည်။
လက်ရှိတွင် မြင်းမူမြို့နယ်အနီးရှိ ကျေးရွာအချို့၌ နေအိမ်ခေါင်မိုးများအထိ ရေနစ်မြုပ်မှုများ ရှိနေကြောင်း ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးက ရုပ်သံမှတ်တမ်းများနှင့်တကွ ဖော်ပြထားသည်။
သဖန်းဆိပ်ဆည်နှင့် ကာဘိုးဆည်တို့မှ ရေလွှတ်ချမှုများအပြင် မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘို၊ ခင်ဦး၊ ရေဦး၊ စစ်ကိုင်း၊ တန့်ဆည်၊ ကျွန်းလှ၊ အရာတော်၊ မြင်းမူ၊ ဒီပဲယင်း၊ ကန့်ဘလူ၊ ကောလင်း၊ မြောင် နှင့် ဝက်လက် စသည့် မြို့နယ်ပေါင်း (၁၄) မြို့နယ်တွင် ရေနစ်မြုပ်မှုများ ကြုံတွေ့နေရသည်။
မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေသည် မြင်းမူမြို့၏ စိုးရိမ်ရေမှတ်အထက် (၂၇) စင်တီမီတာသို့ ကျော်လွန်ရောက်ရှိနေကြောင်း သိရသည်။
ထို့ပြင် ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ကလည်း သဖန်းဆိပ်ဆည်မှ ရေထပ်မံလွှတ်ချမှုကြောင့် မူးမြစ်ရေမှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေသဖြင့် ရေထပ်မံကြီးလာနိုင်ကြောင်း သတိပေးထားသည်။ ထို့ကြောင့် ရေကျသွားပြီအထင်ဖြင့် ကျေးရွာများအတွင်းသို့ ပြန်လည်ဝင်ရောက် နေထိုင်ကြသော ပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ချက်ချင်း ပြန်လည်ထွက်ခွာကြရန် အထူးတိုက်တွန်း နှိုးဆော်ထားသည်။
ရေးသားသူ - သူပုန်လက်
ဓာတ်ပုံ - ကျော်ကျော်ဦး (မြင်းမူမြို့နယ်ထဲက ကျေးရွာတစ်ရွာ ရေနစ်မြုပ်နေသည့် မြင်ကွင်း)
Horizons News မှ တင်ဆက်သော သတင်းများကို အောက်ပါ Horizons News ၏ Website နှင့် Social Media များတွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည် -
Website: www.thehorizonsnews.com
Telegram: https://t.me/thehorizonsnew




Comments