ဟားခါး-ထန်တလန် လမ်းပိုင်းကို ထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီ ထုတ်ပြန်သော်လည်း မြေပြင်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ
- Horizons News

- Jun 11
- 1 min read
ချင်း၊ ဇွန် ၁၁ ၊ Horizons

ချင်းပြည်နယ်မြောက်ပိုင်းရှိ မဟာဗျူဟာမြောက် ဟားခါး-ထန်တလန် ဆက်သွယ်ရေးလမ်းကြောင်းနှင့် ချင်းကာကွယ်ရေးအဖွဲ့များ ထိန်းချုပ်ထားသော စခန်းကုန်းများကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ပြန်လည်ထူထောင်ရေးပစ္စည်းများ ပို့ဆောင်နေပြီဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီဘက်က ယနေ့ ဇွန်လ ၁၁ ရက်တွင် အောင်ပွဲခံ ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း မြေပြင်အခြေအနေတွင်မူ လေကြောင်းတိုက်ခိုက်မှုများနှင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များနှင့် တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဇွန်လ ၄ ရက်နေ့မှစတင်ကာ ဟားခါးမြို့ဘက်မှ အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးခဲ့ပြီး ဇွန်လ ၅ ရက်နေ့မှစ၍ C3 တောင်ကုန်းနှင့် အောက်တောင်ကုန်းတို့ကို လေကြောင်းနှင့် လက်နက်ကြီးများ အလွန်အကျွံအသုံးပြုကာ ထိုးစစ်ဆင်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့နောက် ဇွန်လ ၆ ရက်မှ ၈ ရက်အတွင်း လမ်းကြောင်းပေါ်ရှိ တောင်ကုန်းများနှင့် တာဝါတိုင်ကုန်းစခန်းများကို အဆင့်ဆင့်သိမ်းပိုက်ခဲ့ကာ ဇွန်လ ၉ ရက် ညနေပိုင်းတွင် လမ်းကြောင်းတစ်ခုလုံးကို အပြီးသတ် ထိန်းချုပ်နိုင်ခဲ့သည်ဟု ဆိုသည်။
သို့ရာတွင် လွတ်လပ်သော သတင်းဌာနများနှင့် မြေပြင်အချက်အလက်များအရ စစ်ကောင်စီတပ်သည် လမ်းကြောင်းတစ်ခုလုံးကို စစ်ရေးအရ အပြည့်အဝစိုးမိုးနိုင်ခြင်းမရှိသေးဘဲ ချင်းပူးပေါင်းတပ်ဖွဲ့များ၏ ပြင်းထန်သော ခုခံစစ်ကြောင့် လမ်းမကြီးပေါ်တွင်သာ အခြေပြုနိုင်သေးကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် ထန်တလန်မြို့နယ် ဇိုဖေဒေသရှိ CDF စခန်းများကို တိုက်လေယာဉ်များနှင့် Y-12 လေယာဉ်များအသုံးပြုကာ ဗုံးအလုံးရေ ၃၀ ကျော်အထိ ဆက်တိုက်ကြဲချ တိုက်ခိုက်နေရသဖြင့် ရှေ့တန်းစစ်မျက်နှာတွင် စစ်ရေးတင်းမာမှုများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။
အဆိုပါ ဟားခါး-ထန်တလန် လမ်းပိုင်းနှင့် ထန်တလန်မြို့ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့က သိမ်းပိုက်ထိန်းချုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါမှသာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနှင့် လေကြောင်းပစ်ကူများအသုံးပြုကာ အပြင်းအထန် ပြန်လည်စစ်ကြောင်းထိုး တိုက်ခိုက်နေခြင်း ဖြစ်သည်။
Photo - ( ပုံဟောင်း)
Horizons News မှ တင်ဆက်သော သတင်းများကို အောက်ပါ Horizons News ၏ Website နှင့် Social Media များတွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်
Website - www.thehorizonsnews.com
You Tube - https://www.youtube.com/@thehorizonsnews
Telegram - https://t.me/thehorizonsnew
#ချင်းပြည်နယ် #ဟားခါး #ထန်တလန် #စစ်ကောင်စီ #CNF #CDF #HorizonsNews #ပြည်တွင်းသတင်း #MyanmarNews



Comments